မဲဆောက်၊ ဇူလိုင် ၂၇

ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မဲဆောက်မြို့ရှိ အထွေထွေရောဂါကု ဆေးရုံကြီးက အနောက်ဘက်အိမ်နီးချင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားပျံ့နှံ့နေတယ်လို့ဆိုတဲ့ တီဘီရောဂါနဲ့ ပတ်သက်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ကျန်းမာရေးအရာရှိတွေအနေနဲ့ သတိအနေအထား ရှိကြဖို့ တိုက်တွန်းထားတယ်လို့ The Nation သတင်းစာက ဖော်ပြပါတယ်။

နှစ်နိုင်ငံ နယ်စပ်အနီးနဲ့နီးကပ်တဲ့ ရွှေကုက္ကိုလ်မြို့မှာ တီဘီရောဂါဖြစ်ပွားနေမှုကို အနီးကပ်စောင့်ကြည့်နေတယ်လို့လည်း မဲဆောက်ဆေးရုံကြီးရဲ့ ညွှန်ကြားရေးမှူးက ပြောဆိုထားပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့အနီးကပ်ထိစပ်မှုရှိတဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေအားလုံးအနေနဲ့ နှာခေါင်းစည်းတပ်ကြဖို့ ညွှန်ကြားထားတဲ့အကြောင်း ဆေးရုံညွှန်ကြားရေးမှု ရာမီး ဝုန်ဝီလီယတ်က ဇူလိုင် ၂၅ ရက်မှာ ပြောဆိုထားပါတယ်။

မြဝတီမြို့နယ်က ရွှေကုက္ကိုလ်မြို့မှာ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ဓာတ်မှန်စစ်ဆေးမှုအတွင်း လူနာအယောက် ၁၀၀ ရဲ့ နမူနာတွေထဲမှာ ၅၀ လောက်ဟာ အန္တရာယ်ရှိပြီး ပျံ့နှံ့လွယ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်တဲ့ တီဘီရောဂါဖြစ်ပွားနေတာကို တွေ့ရှိရတယ်လို့ အဲဒီညွှန်ကြားရေးမှူးက ဆိုပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ ကျန်းမာရေးအရာရှိတွေအနေနဲ့ အစဉ်သတိရှိကြဖို့ တိုက်တွန်းထားပေမယ့် အခုလို ဆေးစစ်ချက်ရလဒ်တွေနဲ့ ပတ်သက်လို့ လူထုအနေနဲ့ အထိတ်တလန့်မဖြစ်ကြဖို့လည်း အကြံပြုထားပါတယ်။ မြန်မာနိုင်ငံမှာ နှစ်စဉ် တီဘီရောဂါကူးစက်ပျံ့နှံ့မှုတွေကို တွေ့ရှိရတတ်ပြီး အများစုကတော့ တရုတ်နိုင်ငံသားတွေမှာ တွေ့ရှိရတာပါ။

ညွှန်ကြားရေးမှူး ရာမီးစ်ကတော့ အခုနှစ်အတွင်း မြန်မာနိုင်ငံမှာ တီဘီရောဂါဝေဒနာရှင်အရေအတွက်ဟာ အရင်နှစ်ကထက် ပိုမိုမြင့်မားလာနိုင်တယ်လို့ ခန့်မှန်းပါတယ်။

သူက “ရောဂါကူးစက်ဖြစ်ပွားနေတယ်လို့ အတည်မပြုနိုင်သေးတဲ့မြန်မာနိုင်ငံက အခြေအနေကို ပိုမို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ဖို့ အန္တရာယ်ရှိတဲ့ အခြေခံအကြောင်းအရာတွေနဲ့ ရောဂါသည်တွေနေထိုင်တဲ့နေရာတွေနဲ့ပတ်သက်လို့ အဲဒီစမ်းသပ်မှု နမူနာ ၁၀၀ ရဲ့ အသေးစိတ်အချက်အလက်တွေကို စစ်ဆေးနေပါတယ်” လို့ ပြောဆိုထားပါတယ်။
လူထုအနေနဲ့ တည်တည်ငြိမ်ငြိမ်ရှိကြဖို့လိုပြီး ရောဂါလက္ခဏာတွေကို အနီးကပ်စောင့်ကြည့်တာအပါအဝင် တီဘီရောဂါအတွက် ကာကွယ်ရေးရာ လုပ်ဆောင်ချက်တွေကို အကောင်အထည်ဖော် လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

သူက “နှစ်ပတ်ထက်ကျော်လွန်ပြီး အပြင်းအထန် ချောင်းဆိုးတာ၊ ကိုယ်အလေးချိန် လျော့ကျလာတာ၊ ပင်ပန်းနွမ်းနယ်တာ၊ အချိန်ကြာမြင့်စွာ အဖျားတက်တာ၊ တီဘီရောဂါသည်တွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံမှုရှိတာတွေ ဖြစ်ခဲ့မယ်ဆိုရင် ဆေးရုံဆေးခန်းဆီမှာ လာရောက်စမ်းသပ်မှုခံယူပါ” လို့ တိုက်တွန်းထားပါတယ်။

Ref-TheNation

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.