ကျောက်မဲ၊ ဇူလိုင် ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းက မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ တစ်လအတွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၂၅ ဦးသေဆုံးပြီး ၁၆၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့မှ ဇူလိုင် ၂၅ နေ့အထိ တစ်ကျော့ပြန် စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး တစ်လအတွင်း ကျောက်မဲ၊ လားရှိုး၊ နောင်ချို၊ သီပေါ၊ မိုးမိတ်နဲ့ မိုးကုတ်မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲကာလအတွင်း ရှမ်းမြောက်က မြို့နယ်ငါးခုမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၅ ဦးနဲ့ ကိုရင်၊ သီလရှင်တွေ အပါအဝင် အမျိုးသား ၅၆ ဦး၊ အမျိုးသမီး ၃၆ ဦး သေဆုံးခဲ့ပြီး အရပ်သား ၁၀၉ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် မန္တလေးတိုင်း မိုးကုတ်မြို့နယ်မှာလည်း ကလေး ၉ ဦး၊ အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၈ ဦးသေဆုံးခဲ့ပြီး အရပ်သားပြည်သူ ၅၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ TNLA က ဆိုပါတယ်။

တစ်လအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ကျောက်မဲမြို့မှာ အရပ်သား သေဆုံးမှုအများဆုံးဖြစ်ခဲ့ပြီး လာရှိုးမြို့မှာတော့ ဒုတိယအများဆုံး ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကလည်း ရှမ်းမြောက်က အရပ်သားထိခိုက်သေဆုံးမှုတွေဟာ တော်လှန်ရေးအင်အားစုတွေရဲ့ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့်သာ ဖြစ်တယ်တယ်လို့ ဝါဒဖြန့်သတင်း စာကတဆင့် တုံ့ပြန်ထားပါတယ်။

ရှမ်းမြောက်က တိုက်ပွဲတွေကြောင့် စာသင်ကျောင်းနဲ့ ဘုန်ကြီးကျောင်းအပါအဝင် ၁၀၈ လုံး ပျက်စီးခဲ့ပြီး ဒေသခံ ၃၀၀၀၀ ကျော်ဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ မှာ ရှမ်းပြည်နယ်က နောင်ချိုမြို့နဲ့ မန္တလေးတိုင်းက စဉ့်ကူးမြို့နဲ့ မိုးကုတ်မြို့နယ်တွေကို တအာင်းတပ်မတော် TNLA၊ ၊ MDF-PDFနဲ့ PDF (မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.