ရေး၊ ဇူလိုင် ၂၇

မွန်ပြည်နယ် ရေးမြို့နယ် စံပြကျေးရွာအနီး ရေး-ထားဝယ်လမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန် ရေးအင်အားစု ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ရေး – ထားဝယ်လမ်းပိုင်း ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူ လိုင်တတိယအ ပတ်ကစပြီး တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားနေတဲ့ ဒေသတချို့ကို စစ် ကြောင်းထိုး ဝင်ရောက်လှုပ်ရှားမှုတွေ ထပ်မံပြုလုပ်လာတာပါ။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် ဇူလိုင် ၂၅ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က ကြိုး တံတားနဲ့စံပြကျေးရွာကြားမှာ နှစ်ဖက်တိုက်ပွဲ အချိန်နာရီဝက်နီးပါးကြာ ဖြစ်ပွားခဲ့တာပါ။

ဒါ့အပြင် ဇူလိုင် ၂၆ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာလည်း စံပြကျေးရွာအနီး ရေး-ထားဝယ်ကားလမ်းပေါ်မှာ နှစ်ဖက်တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတိုက်ပွဲကြောင့် ခရီးသွားပြည်သူတွေဟာ အချိန်တစ်နာရီကျော်ကြာ စောင့်ဆိုင်းခဲ့ရပြီး ဒေသခံတွေကတော့ အပြင်ထွက်သွားလာမလုပ်ဘဲ နေအိမ်အတွင်း ပုန်းခိုနေထိုင်ခဲ့ရတယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD ပြောခွင့်ရ နိုင်ဗညားမွန်အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတချို့ကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့ကလည်း ရေးမြို့နယ် မော့ကနင်ရွာသစ်ကျေးရွာ ဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို မွန်ပြည်သစ်ပါတီ AD အပါအဝင် တော်လှန်ရေးအင်အားစုအဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးထားပါတယ်။

မွန်ပြည်နယ်မှာ တစ်ခုတည်းသော စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုတွေကြောင့် နှစ်ဖက်စစ်ရေး ပိုမိုတင်းမာနေပြီး ဒေသခံတွေကလည်း နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာမှာကို စိုးရိမ်နေကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Daw Na Column

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.