ဗီယင်ကျန်း၊ ဇူလိုင် ၂၆

စစ်ကောင်စီနဲ့ မဟာမိတ် လက်နက်ကိုင်တွေကြား တိုက်ပွဲတွေ ပြင်းထန်လာချိန်မှာ ဆွေးနွေးညှိနှိုင်းဖို့ ငြင်းဆိုနေတဲ့အတွက် မြန်မာနိုင်ငံမှာ စစ်ခင်းနေကြတဲ့ အဖွဲ့တွေကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက အာဆီယံ အစည်းအဝေးမှာ ဇူလိုင် ၂၅ ရက်က ပြစ်တင်ဝေဖန်လိုက်ပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို လာအိုနိုင်ငံမှာ တံခါးပိတ် ကျင်းပချိန်အတွင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီက စစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီးနောက် လပိုင်းအကြာမှာ ပေးခဲ့တဲ့ ငြိမ်းချမ်းရေး ကတိတွေကို အလေးမထားဘူးဆိုရင် အာဆီယံ အစည်းအဝေးတွေကနေ ဘေးထွက်နေရလိမ့်မယ်လို့ ပြောကြားပါတယ်။

ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေး အာဆီယံရဲ့ တိုက်တွန်းမှုကို စစ်ကောင်စီက ဂရုမစိုက်ဘဲနေခဲ့တဲ့အတွက် မြန်မာ ပြဿနာကြောင့် အာဆီယံအဖွဲ့ အပေါ် ယုံကြည်မှုကို ထိခိုက်စေခဲ့ပါတယ်။

ဒီလို မလိုက်နာတဲ့အတွက် အာဆီယံက စစ်ဗိုလ်ချုပ်တွေကို အာဆီယံ အစည်းအဝေးတွေကနေ တားမြစ်ထားပေမယ့် အကြီးတန်း သံတမန် တစ်ဦးကို ကိုယ်စား တက်ရောက်ခွင့်ပေးထားပါတယ်။

ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှုနဲ့ ပတ်သက်လို့ ဘာတိုးတက်မှုမှ မရှိဘဲ အခြေအနေ တိုးတက်မှု မရှိသေးဘူးဆိုရင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ညီလာခံတွေမှာ မြန်မာနိုင်ငံ တက်ရောက်ခွင့်ကို နိုင်ငံရေးအဆင့်က မဟုတ်သူကိုပဲ တက်ရောက်ခွင့် ဆက်ပေးရမှာ ဖြစ်ကြောင်း ဝန်ကြီး မာဆူဒီက ပြောပါတယ်။

အစည်းအဝေးမှာ မြန်မာကိုယ်စားလှယ်က အားလုံး အဆင်ပြေနေသယောင် ပြောဆိုခဲ့တယ်လို့ ဝန်ကြီး မာဆူဒီက ပြောကြားပြီး မြေပြင်က အခြေအနေတွေက အဆင်ပြေကြောင်း မပြသဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က အာဆီယံဥက္ကဌဟောင်း အင်ဒိုနီးရှားက မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးကို ဆွေးနွေးရေး စားပွဲဝိုင်းဆီ ဆောင်ကျဉ်းဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့ပေမယ့် အာဆီယံရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေဟာ ရှေ့မဆက်နိုင် ဖြစ်နေပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တော်လှန်ရေး တပ်တွေက နယ်မြေတွေ အများကြီး သိမ်းပိုက်ထားပြီး စစ်တပ်က အပြည့်အဝ မအုပ်ချုပ်နိုင်တော့တဲ့ အခြေအနေမှာ ဆွေးနွေးရေး မျှော်လင့်ချက်တွေ မှေးမှိန်သွားပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဆွေးနွေးမှုတွေ မရှိတာနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ထိုင်း နိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးနဲ့ ဆွေးနွေးရေး ထိုင်းအနေနဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းရာမှာ ပိုမိုကြီးမားတဲ့ အခန်းကဏ္ဍက ပါဝင်ရေး အာဆီယံရဲ့ ထောက်ခံမှု ရရှိထားတယ်လို့ ပြောကြားထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.