ဘီးလင်း၊ ဇူလိုင် ၂၆
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေတဲ့အတွက် ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ပင်ထားတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ရေးအဖွဲ့ တာဝန်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီကနေ့ ဇူလိုင် ၂၆ ရက်နေ့ မနက် ၈နာရီအချိန် တိုင်းတာချက်အရ ဘီးလင်းမြစ်ရေဟာ စိုးရိမ်ရေမှတ် ၁၀၂၂ စင်တီမီတာ ထက်ကျော်လွန်ပြီး ၁၁၀၀ စင်တီမီတာကျော်ထိမြင့်တက်နေတယ်လို့ သိရပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ဘီးလင်းမြစ်ရေကြောင့် မော်လမြိုင် – ရန်ကုန်ကားလမ်းအပေါ် ရေ ၄ ပေခွဲကျော် မြင့်တက်လာတဲ့အတွက် ဖြတ်သန်းသွားလာခွင့် ယာယီကန့်သတ်ထားတာပါ။
“ရေကဆက်တက်နေတုန်းပဲ။ ကားကြီးကားငယ်တွေသွားလာလို့မရဘူး။ ဘီးလင်းသကြားစက်ရှေ့နဲ့ မစောတံတားဘက်မှာ တော်တော်ဆိုးတယ်။ရေအခြေအနေ ကြည့်ပြီး ပြန်ဖွင့်ပေးမယ်ထင်တယ်”လို့ ဘီးလင်းဒေသခံတစ်ဦးက မနက် ၁၀ နာရီအချိန်ခန့်မှာ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဘီးလင်းမြစ်ရေမြင့်တက်နေလို့ ဘီးလင်းမြို့ပေါ်အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ကျေးရွာ ၂၀ နီးပါး ရေနစ်မြှုပ်နေပြီး ရေဘေးသင့်ပြည်သူ ၂၀၀၀ ကျော်ကို ယာယီရေဘေးရှောင်စခန်းတွေမှာ ပြောင်းရွေ့ထားရတယ်လို့ သိရပါတယ်။
အလားတူ ရေးမြို့နယ်နဲ့ ကျိုက်မရောမြို့နယ်တို့မှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media