လန်ဒန်၊ ဇူလိုင် ၂၆
ကမ္ဘာတဝန်းရှိ ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ အစိုးရအဖွဲ့တွေဆီက နျူကလီးယား လျှို့ဝှက်ချက်တွေကို မြောက်ကိုရီးယား ဟက်ကာတွေ ခိုးယူဖို့ ကြိုးပမ်းနေကြောင်း အမေရိကန်၊ ဗြိတိန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့က သတိပေးလိုက်ပါတယ်။
Andariel နဲ့ Onyx Sleet လို့ ခေါ်တဲ့ အဖွဲ့တွေဟာ လျှို့ဝှက်သတင်းအချက်အလက်တွေ ရရှိရေးအတွက် ကာကွယ်ရေး၊ လေကြောင်း၊ နျူကလီးယားနဲ့ အင်ဂျင်နီယာလုပ်ငန်း အဖွဲ့အစည်းတွေကို ပစ်မှတ်ထားနေကြောင်း အဲဒီမဟာမိတ် သုံးနိုင်ငံက ပြောဆိုခဲ့တာပါ။
အဲဒီ ဟက်ကာအဖွဲ့နှစ်ဖွဲ့က မြောက်ကိုရီးယားရဲ့ စစ်ရေးနဲ့နျူကလီးယား စီမံကိန်းတွေ ရည်မှန်းချက်တွေ အဆင့်မြင့်လာစေရေး ရည်ရွယ်ချက်နဲ့ အခုလိုမျိုး ခိုးယူဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။
ယူရေနီယံ သန့်စင်ရေးကနေပြီး သံချပ်ကာ ကားတွေ၊ ရေငုပ်သင်္ဘောတွေနဲ့ တော်ပီဒိုတွေ ထုတ်လုပ်မှုအထိ ကျယ်ပြန့်တဲ့ နယ်ပယ်ဆီက သတင်းအချက်အလက်တွေ ရရှိရေး အဲဒီအဖွဲ့တွေ ကြိုးပမ်းနေပြီး အမေရိကန်၊ ဗြိတိန်နဲ့ တောင်ကိုရီးယား၊ ဂျပန်၊ အိန္ဒိယနဲ့ အခြားနိုင်ငံတွေကိုပါ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
အမေရိကန်ရဲ့ လေကြောင်း အခြေစိုက်စခန်းတွေ၊ နာဆာနဲ့ ကာကွယ်ရေး ကုမ္ပဏီတွေဟာလည်း ပစ်မှတ်ထား ခံနေရတယ်လို့ ဆိုပါတယ်။
ဒီအဖွဲ့တွေက လျှို့ဝှက်ထောက်လှမ်းတာနဲ့ ငွေရအောင် လုပ်ဆောင်နေတဲ့ နည်းလမ်းကြောင့် အတိမ်းအစောင်းမခံနိုင်တဲ့ နည်းပညာ အပေါ်မှာရော လူတွေရဲ့ နေ့စဉ်ဘဝကိုပါ ထိခိုက်စေနိုင်တာကြောင့် အရာရှိတွေက စိုးရိမ်နေပါတယ်။
ဒီအဖွဲ့ဟာ အမေရိကန် ကျန်းမာရေး အဖွဲ့အစည်းတွေကို လျှို့ဝှက် ထောက်လှမ်းပြီး အကြပ်ကိုင် ငွေကြေး တောင်းခံမှုတွေက တဆင့် ရန်ပုံငွေ ရှာဖွေနေတယ်လို့ အမေရိကန်က ပြောပါတယ်။
အရေးကြီးတဲ့ လုပ်ငန်းတွေ အနေနဲ့ အတိမ်းအစောင်းမခံနိုင်တဲ့ အချက်အလက်တွေကို အထူး သတိပြု ကာကွယ်ထားသင့်ကြောင်း ဗြိတိန် ဆိုက်ဘာ လုံခြုံရေး အကြီးအကဲက ပြောကြားထားပါတယ်။
ဒါဟာ မြောက်ကိုရီးယား ဟက်ကာတွေနဲ့ ပတ်သက်လို့ နောက်ဆုံး ထွက်ပေါ်လာတဲ့ သတိပေးချက် ဖြစ်ပြီး အရင်က မြောက်ကိုရီးယား ဟက်ကာတွေရဲ့ အထင်ကရ တိုက်ခိုက်မှုတွေ ရှိခဲ့ဖူးပါတယ်။
Ref:BBC