မော်လမြိုင် ၊ ဇူလိုင် ၂၇
စစ်ကောင်စီတပ်ရဲ့ ကြည်း၊ရေ၊လေ တိုက်ခိုက်မှုကြောင့် မီးလောင်ပြာကျခဲ့ရတဲ့ ဓမ္မသကျေးရွာရှိ နေအိမ်တွေ ပြန်လည်တည်ဆောက်ဖို့ အိမ်ထောင်စု ၃၈၀ အတွက် စစ်ကောင်စီခန့် မွန်ပြည်နယ်အ စိုးရအဖွဲ့နဲ့ ဘေးစီမံဝန်ကြီးဌာနတို့က ထောက်ပံ့ငွေပေးအပ်ခဲ့ပါတယ်။
ထောက်ပံ့ငွေ လက်ခဲ့ရယူခဲ့တဲ့ ကူညီရေးအဖွဲ့တွေထဲမှာ မွန်သံဃာတော်တွေအပါဝင် မွန်အရပ်ဘက်အဖွဲ့အစည်းတွေ၊ မွန်ညီညွတ်ရေးပါတီနဲ့ အပစ်ရပ်ထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း မွန်ပြည်သစ်ပါတီက တာဝန်ရှိသူတချို့လည်း တက်ရောက်ခဲ့ကြတာပါ။
ဇူလိုင် ၂၅ ရက်နေ့က မော်လမြိုင်မြို့ ရှိ သာသနာ ၂၅၀၀ ကျောင်းတိုက်မှာ ပြည်နယ်အစိုးရအဖွဲ့က တစ်အိမ်ထောက်ပံ့ငွေ ၁၀ သိန်းကျပ်စီနဲ့ သိန်း ၁၉၀၀ ပေးအပ်ခဲ့သလို နယ်စပ်ရေးရာဝန်ကြီးဌာနကလည်း အလားတူပမာဏကို ပေးအပ်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြည်နယ်နေရာချထားရေးဝန်ကြီးဌာန ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့တဲ့ အိမ်ထောင်စုတစ်လျှင် ငွေကျပ် ၂ သိန်း၊ ထောက်ပံ့ပစ္စည်းအပါအ ဝင် ထောက်ပံ့ငွေ သိန်းတစ်ထောင်ကျော်အပြင် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ ပုံးတို့ကို ထောက် ပံ့ပေးခဲ့ပါတယ်။
ပြင်ပအလှူရှင်တစ်ဦးကလည်း အိမ်မိုးသွပ်အတွက် အလှူငွေသိန်းတစ်ထောင်အပြင် ဌာနဆိုင်ရာတွေနဲ့ အလှူရှင်တွေက အိမ်ဆောက်ပစ္စည်းတွေအတွက် စုစုပေါင်း သွပ်ဖိုးငွေသိန်းနှစ်ရာ့နှစ်ဆယ်ကျော် ပေးအပ်ခဲ့တယ်လို့ စစ်ကောင်စီက ဖော်ပြပါတယ်။
ဓမ္မသရွာခံတစ်ဦးကတော့ “ သူတို့ပြောတာ ဟိုမှာ (သာသနာ ၂၅၀၀) ပိုက်ဆံလည်း ပေးမယ်။ သွပ်လည်း ပေးမယ်။ အစုံပဲ သူတို့ပြောတာ။ ဒါပေမယ့် မရသေးဘူး၊ သေချာတော့ မသိရသေးဘူး။ မနက်ဖြန်မှရမယ်လို့ သူပြောတယ်”လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
လွန်ခဲ့တဲ့ လေးလနီးပါး ကော့ဘိန်းတိုက်ပွဲအတွင်း ကျိုက်မရောမြို့ နယ်ရှိ ဂျိုင်းမြစ်ဒေသက ဓမ္မသရွာထဲ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ဝင်ရောက်လှုပ်ရှားတယ်ဆိုပြီး စစ်ကောင်စီတပ်က မတ် ၂၇ ရက်နေ့မှာ တိုက်ခိုက်မှုပြုလုပ်ခဲ့တာပါ။
မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ မတ် ၂၈ ရက်နေ့ ထုတ်ပြန်ချက်အရ ဓမ္မသကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ ကြည်း၊ ရေ၊ လေ တာဝေးပစ်လက်နက်ကြီး အသုံးပြုပစ်ခတ်မှုကြောင့် နေအိမ် ၃၀၀ နီးပါး မီးလောင် ပျက်စီးခဲ့ရပါတယ်။
အဲဒီအတွက်ကြောင့် ဒေသခံပြည်သူ ထောင်နဲ့ချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး လက်ရှိအချိန်အထိ မော်လမြိုင်၊ မုတ္တမနဲ့ ချောင်းဆုံမြို့ရှိ ဘုန်းကြီးကျောင်းတွေမှာ ဆက်လက်ခိုလှုံနေရတာပါ။
နေအိမ်မီးလောင်သူတချို့ကတော့ မွန်စစ်ရှောင်ကူညီရေးအဖွဲ့ကနေ ပေးအပ်တဲ့ အလှူငွေတွေနဲ့ ယာ ယီတဲ ၁၀၀ ဝန်းကျင် ဆောက်လုပ်ပြီး ပြန်လည်နေထိုင်ကြတာလည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI