ဘန်ကောက်၊ ဇူလိုင် ၂၅
မြန်မာစစ်တပ်ရဲ့ လက်နက် ဝယ်ယူမှုတွေနဲ့ ဆက်စပ်တဲ့ ငွေလွှဲပြောင်းပေးမှုတွေကို ထိုင်းစီးပွားရေးဘဏ်တွေက ကူညီပေးခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေအတွက် ဗဟိုဘဏ်နဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံးတို့က စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိ တစ်ဦးက ဇူလိုင် ၂၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အခြားနိုင်ငံတွေက မြန်မာစစ်ဗိုလ်ချုပ်တွေ၊ သူတို့ရဲ့ ဆက်စပ်နေတဲ့ ကျယ်ပြန့်လှတဲ့ လုပ်ငန်းတွေကို အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်ထားပါတယ်။
စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ် မတ်လအထိ ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေဆီက ဒေါ်လာ သန်း ၁၃၀ ဖိုးရှိတဲ့ လက်နက်တွေကို ဝယ်ယူခဲ့ကြောင်း ပြီးခဲ့တဲ့လက ထွက်ပေါ်လာခဲ့တဲ့ ကုလသမဂ္ဂ အထူးကျွမ်းကျင်သူ တွမ်အန်ဒရူးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ်ကထက် နှစ်ဆပိုများလာတယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ငွေပေးချေမှုတွေ အတွက် ထိုင်းစီးပွားရေး ဘဏ်ငါးခုက အဓိက ကူညီခဲ့ကြောင်း တွမ်အန်ဒရူးက အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ဝယ်ယူရေး ငွေလွှဲပြောင်းမှုတွေကို စုံစမ်းစစ်ဆေးရေး ထိုင်းဘဏ်နဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံးတို့ ပူးပေါင်းပြီး အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းသွားမှာ ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ နာကိုဒယ် ဘလန်ကူဆာက ပြောပါတယ်။
စုံစမ်း စစ်ဆေးဖို့ အချိန် သတ်မှတ်ချက်နဲ့ ပတ်သက်လို့ သူက အသေးစိတ်ကို မပြောပါဘူး။
စစ်ကောင်စီဟာ အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ အင်အားစုတွေကို မနှိမ်နှင်းနိုင် ဖြစ်နေပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားနိုင်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောနေပါတယ်။
၂၀၂၁ ခုနှစ်ကတည်းက စစ်ကောင်စီရဲ့ နှိမ်နှင်းမှုကြောင့် လူ ၅၄၀၀ ကျော် သေဆုံးခဲ့ရပြီး ၂၇၀၀၀ ဖမ်းဆီးခံခဲ့ရကြောင်း ဒေသတွင်း လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေက ပြောထားပါတယ်။
Ref:AFP