မိုးကုတ်၊ ဇူလိုင် ၂၅
မန္တလေးတိုင်း မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ဇူလိုင် ၂၅ ရက်နေ့မှာ ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ သတင်းထုတ်ပြန် ပါတယ်။
မိုးကုတ်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၇၈၊ ၈၈၊ ၁၄၈ အပါအဝင် ဗျူဟာမှူးကြီးအခြေချ ကွပ်ကဲနေတဲ့ တပ်စခန်းအားလုံးတို့ကို TNLA က ဇူလိုင် ၂၄ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှာ အ ပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။
မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးတွေအပါအ ဝင် လက်နက်မျိုးစုံ ၂၀၀ ကျော်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနဲ့ စစ်သုံးဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တာပါ။
မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်သုံးပန်း ၃၀ ကျော် ဖမ်းရမိခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မိုးကုတ်မြို့သိမ်းတိုက်ပွဲပြီးနောက် မြို့ထဲဝင်ရောက်လာတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေကို မြို့ခံတွေက လှိုက်လှဲစွာကြိုဆိုခဲ့တာပါ။
တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ရဲ့ တိုက်ပွဲကာလ တစ်လအတွင်း နောင်ချို၊ စဉ့်ကူးနဲ့ မိုးကုတ် မြို့နယ်တွေကို TNLA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA