မကွေး၊ ဇူလိုင် ၂၅

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီက သုံးရက်ဆက်တိုက်လေကြောင်းကနေ တိုက်ခိုက်လို့ ထိခိုက်သေဆုံးသူဦးရေ ၂၀ ကျော်အထိရှိလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၃၊ ၂၄၊ ၂၅ ရက်တွေမှာ သုံးရက်ဆက်တိုက် လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးရသူဟာ အခုလိုမျိုး ပမာဏများပြားလာရတာလည်းဖြစ်ပါတယ်။

“ဒီနေ့လည်း လေကြောင်းကနေလာပစ်တယ်။ အရပ်သားတွေ ရှိတဲ့နေရာမျိုးကိုပဲ ရွေးပစ်တာပါ။ ထိခိုက်မှုကို အတည်မပြုနိုင်သေးဘူး” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၃ နဲ့ ၂၄ ရက်နေ့တွေမှာ ငလှိုင်တွင်းရွာကိုလေကြောင်းကနေပစ်ခတ်ခဲ့ပြီး ဇူလိုင် ၂၅ ရက်မှာတော့ ခေါင်းကူးရွာဘက်ကိုလေကြောင်းကနေပစ်ခတ်ခဲ့တာပါ။

စစ်​ကောင်စီကလေကြောင်းကနေ ပစ်ခတ်ရာမှာ ဗုံးကြဲချမှုအပါအဝင် စက်သေနတ်(စက်လက်)နဲ့ အကြိမ် ပေါင်းများစွာပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီကလေကြောင်းကနေ တိုက်ခိုက်တာကြောင့် ဇူလိုင် ၂၃ ရက်နေ့မှာ သံဃာတစ်ပါးအပါအဝင် ၅ ဦးသေဆုံးပြီး ၁၃ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဇူလိုင် ၂၄ ရက်မှာတော့ စလင်းမြို့နယ် ငလှိုင်တွင်းရေနံမှော်မှာလာရောက်လုပ်ကိုင်နေတဲ့ မင်းဘူး ဇာတိ ဇနီးမောင်နှံနှစ်ဦးဖြစ်တဲ့ ကိုကျော်ဝင်းထွဋ်၊ မနုနုထွေးနဲ့ စလင်းမြို့နယ် တညောင့်တင်ရွာက ဒေါ်အုံးရင်တို့ ဒဏ်ရာရရှိခဲ့ပြီး ကိုကျော်ဝင်းထွဋ်ကတော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ သိရပါတယ်။

ဇူလိုင် ၂၅ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်အထိ ခေါင်းကူးရွာဘက်ကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်နေဆဲ ဖြစ်ပြီး ထိခိုက်သေဆုံးမှုကိုမသိရသေးပါဘူး။

စလင်းမြို့နယ်က ကျေးရွာတွေကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပါဘဲ စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်နေတာမျိုးဟာ ကုန်းကြောင်းကနေ မလာရဲတာကြောင့်ဖြစ်တယ်လို့ မင်းဘူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနဲ့ပြန်ကြား​​​​ရေးတာဝန်ခံ ကိုအညာသားက သံလွင်တိုင်းမ်ကို ဖြေကြားထားပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.