ဘားအံ၊ ဇူလိုင် ၂၆

ကရင်ပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘားအံလှိုင်းဘွဲ့မြို့အပါအဝင် မြို့ ၅ မြို့ထက်မနည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေခဲ့ပြီး တံတားတချို့ ပျက်စီးသွားခဲ့သလို နယ်စပ်ကုန်သွယ် ရေးလမ်းပိုင်းတချို့ သွားလာမှုပြတ်တောက်သွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

မြဝတီ-ဘားအံ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်က ထို့ကော်ကိုးတောင်ပေါ်လမ်းမှာ မိုး သည်းထန်စွာရွာသွန်းခဲ့ပြီး တောင်ကျရေတွေ စီးဆင်းလာနေတဲ့အတွက် တောင်ပေါ်လမ်းနေရာအ ချို့မှာ ဇူလိုင် ၂၄ ရက်ကစ ကာ ရေကျော်နေပြီး မြေပြိုမှုတွေလည်း ဖြစ်ပေါ်နေတဲ့အတွက် ကားတွေသွားလာလို့မရတော့ပဲ ယာယီပိတ်ထားလိုက်ရတယ်လို့ KNU/KNLA PC ထံကနေ သိရပါတယ်။

ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC တပ်ဖွဲ့ဝင်တစ်ဦးက ထို့ကော်ကိုးကားလမ်းမှာ ကားတွေသွားလာခွင့် ယာယီပိတ်ထားလိုက်ပါပြီလို့ အသိပေးထားပါတယ်။

မြေပြိုကျမှုဖြစ်ပေါ်ခဲ့တဲ့ ထို့ကော်ကိုးတောင်ပေါ်လမ်းပိုင်းနေရာမှာ KNU/KNLA PC တပ်ဖွဲ့က ရှင်းလင်းရေး လုပ်ဆောင်နေပြီး ဇူလိုင် ၂၅ ရက် မွန်းလွဲပိုင်းအထိ လမ်းပြန်မဖွင့်နိုင်သေးဘူးလို့ သိရပါတယ်။

နယ်စပ်ကုန်စည်ပို့ဆောင်ရေးအတွက် အရေးပါတဲ့ လမ်းကြောင်းတစ်ခုဖြစ်တဲ့ ဘုရားသုံးဆူ-ထီမံထို-တောင်ဒီး-တံခွန်တိုင်-မုဒုံ လမ်းပိုင်းမှာလည်း ဇူလိုင် ၂၄ ရက်နေ့က ထီမံထိုးရွာနား ရေကြီးရေ လျှံနေတဲ့အတွက် သွားလာမှုခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၅ ရက် မနက်ပိုင်းက ထီလုံ-သရက်တော-နဘူး-ထို့ကော်ကိုလမ်းပိုင်းက နောင်ခွီးတံတားဟာ တောင်ကျရေတွေ စီးဆင်းတိုက်စားလာတဲ့အတွက် တံတားချဉ်းကပ်ပိုင်းမှာ ထိခိုက်ပျက်စီးသွားခဲ့တဲ့အတွက် သွားလာလို့မရတော့ဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

လက်ရှိမှာတော့ ကရင်ပြည်နယ်ရဲ့ လှိုင်းဘွဲ၊ ပိုင်ကျုံ၊ ကျုံဒိုး၊ ကျိုက်ဒုံ စတဲ့မြို့တွေမှာလည်း မြစ်ရေကြီးနေပြီး ကျိုက်ဒုံမြို့ တစ်မြို့လုံးနီးပါး ရေကြီးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မိုးဇလဌာနရဲ့ ဇူလိုင် ၂၅ နေ့လည်ပိုင်းအချိန် ထုတ်ပြန်ချက်အရ ဘားအံမြို့မှာ သံလွင်မြစ်ရေဟာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲ ကျော်လွန်ရောက်ရှိနေပြီး အဲ့ဒီမြစ်ရေဟာ နောက် ၁ ရက်အ တွင်း ၁ ပေခွဲခန့် မြင့် တက်လာနိုင်ကာ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ သတိပြုနေထိုင်ဖို့ အသိပေးထားပါတယ်။

မိုးလေဝသအရေး လေ့လာသုံးသပ်သူ ဦးဝင်းနိုင်ကလည်း မြန်မာပြည်တောင်ပိုင်းဒေသတွေမှာ မိုးဆက်လက် များနေပြီး ပထမရေကြီးကာလကို ဆက်လက်ရင်ဆိုင်ကြရဦးမှာဖြစ်ကာ အထူးသဖြင့် မော်လမြိုင်အပါအဝင် မွန်နဲ့ ကရင်ပြည်နယ်တို့မှာ အထူးသတိထားကြဖို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.