Myanmar's military chief Min Aung Hlaing attends a military display at a parade ground to mark the country's Independence Day in Naypyidaw on January 4, 2023. - Myanmar's junta announced an amnesty for 7,000 prisoners to mark Independence Day on January 4 following a show of force in the capital, days after increasing democracy figurehead Aung San Suu Kyi's jail term to 33 years. (Photo by AFP) (Photo by STR/AFP via Getty Images)

နေပြည်တော် ၊ ဇူလိုင် ၂၄

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တပ်ချုပ်ရာထူးအပြင် နိုင်ငံ့အာဏာကို လက် နက်အားကိုးနဲ့ သိမ်းယူပြီးချိန်ကနေ လက်ရှိအချိန်အထိ နိုင်ငံ‌တော်ရဲ့ အမြင့်ဆုံးရာထူးလေးနေရာအထိ အရယူထားပါတယ်။

ပူပူနွေးနွေးလွှဲယူထားတဲ့ ယာယီသမ္မတရာထူးအပါအဝင် အာဏာသိမ်းပြီးဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီရဲ့ ဥက္ကဌနေရာအပြင် နိုင်ငံတော်ဝန်ကြီးချုပ်ဆိုတဲ့ ရာထူးကိုပါ စစ်ခေါင်းဆောင်က ကိုယ့်ဘာသာ ခန့်အပ်ထားတာမျိုးပါ။

မြန်မာ့သမိုင်းတစ်လျှောက် စစ်အာဏာရှင်တွေထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တစ်ဦးတည်းကသာ တပ်ချုပ်ကနေ ဝန်ကြီးချုပ်အလယ် ယာယီသမ္မတအဆုံး ရှိသမျှ ရာထူးတွေကို ဖမ်းဆုပ်ထားတာ ဖြစ်ပါတယ်။

ဒီအခြေအနေဟာ စစ်ခေါင်းဆောင်ရဲ့စိတ်ထဲမှာ ဘယ်သူ့ကိုမှ အယုံအကြည်မရှိဘူးဆိုတဲ့ အ ကြောက်တရားကို ပြသနေတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ရှိသမျှ ရာထူးအကြီးဆုံးနေရာတွေအကုန်လုံးကို တစ်ယောက်တည်းက ကိုင်ယူထားတာတဲ့ သ ဘောဖြစ်တာပေါ့။ ဒါကဘာကိုပြသလဲဆိုတော့ အခြားသော ဘယ်သူ့ကိုမှ အယုံအကြည်မရှိဘူးဆိုတာ သူ့စိတ်ထဲမှာ ရှိနေတဲ့ အကြောက်တရား၊ နောက်ပြီးတော့ သူတို့အတွင်းထဲမှာ ရှိနေတဲ့ပြိုကွဲမှု၊ ဒါတွေကို ရည်ညွန်းတဲ့သဘောပဲလို့ မြင်ပါတယ်”လို့ ဆိုပါတယ်။

တကယ်တမ်း စစ်ခေါင်းဆောင်ရဲ့ သမ္မတဖြစ်ရေး အိပ်မက်ဟာ စစ်ကောင်စီ တင်မြှောက်ထားတဲ့ ယာယီသမ္မတဦးမြင့်ဆွေ နာမကျန်းဖြစ်လာချိန်မှာ ကာလုံကိုအကြောင်းပြကာ လက်တွေ့အကောင် အထည်ဖော်ဖို့ ဖြစ်လာပါတယ်။

စစ်ကောင်စီတိုးယူထားတဲ့ အရေးပေါ်သက်တမ်းကုန်ဆုံးဖို့ တစ်ပတ်သာကျန်ရှိတော့တဲ့အချိန်မှာ ကျန်းမာရေးအရ ဆေးခွင့်ယူထားတဲ့ ဦးမြင့်ဆွေက စစ်ခေါင်းဆောင်ကို ယာယီသမ္မတအဖြစ် တာ ဝန်ပေးအပ်ခဲ့ပါတယ်။

ဇူလိုင် ၂၂ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီ သတင်းထုတ်ပြန်ချက်အရ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်တွေကို လိုအပ်သလို ဆက်လုပ်နိုင်ဖို့ဆိုပြီး အကြောင်းပြထားတာပါ။

ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေ ပုဒ်မတွေကိုတော့ ဘာတစ်ခုမှ သုံးနှုန်းဖော်ပြထားခြင်းမရှိဘဲ ဦးမြင့်ဆွေကနေ စစ်ခေါင်းဆောင်ကို ယာယီသမ္မတတာဝန် လွှဲပြောင်းခဲ့တာ ဖြစ်ပါတယ်။

ဝါရင့် တရားလွှတ်တော် ရှေ့နေကြီး ဦးကြီးမြင့်က ဖွဲ့စည်းပုံမှာ သမ္မတနဲ့ ဒုသမ္မတတွေကို ဘယ်လိုခန့်ရမလဲဆိုတာ ပြဌာန်းပြီးသားဖြစ်တဲ့အတွက် အခုလိုလုပ်တာဟာ ဥပဒေနဲ့ တစ်ခုမှမညီဘဲ ကိုယ့်ဘာသာခန့်လိုက်တဲ့ သဘောလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဘယ်လိုခန့်ရမလဲဆိုတာ ပြဌာန်းထားပြီးသား။ အဲဒါတွေနဲ့ တစ်ခုမှမညီဘဲနဲ့ ကိုယ့်ဘာသာကိုယ် ခန့်လိုက်တဲ့ သဘောဖြစ်တာပေါ့။ ဦးမြင့်ဆွေရဲ့ လက်မှတ်လည်း မမြင်ရဘူး။ သူတို့ ပြောလို့သာပြောနေရတာ။ ဦးမြင့်ဆွေက သမ္မတရုံးကနေပြီးတော့ အကြောင်းကြားလိုက်တယ်ဆိုတဲ့စာ ဦးမြင့်ဆွေရဲ့ လက်မှတ်လည်း မမြင်ရဘူး။ အဲဒီဟာတွေက ဥပဒေနဲ့ တစ်ခုမှမညီဘူး။ မညီတဲ့အတွက် ၂၀၀၈ အ ခြေခံဥပဒေကို ယာယီရပ်ဆိုင်းထားလိုက်တဲ့ သဘော၊ မလိုက်နာတော့တဲ့ သဘောဖြစ်သွားတာပေါ့ ”လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ ယာယီသမ္မတတာဝန်တွေကို စစ်ခေါင်းဆောင်ထံ လွှဲအပ်စေမယ်လို့ ယာယီသမ္မတရုံးက စစ်ကောင်စီရုံးကို အကြောင်းကြားစာ ပေးပို့လာခဲ့ပြီး အဲဒီကနေ ဇူလိုင် ၂၂ ရက် မ နက် ၁၁ နာရီခွဲမှာ ယာယီသမ္မတတာဝန်တွေကို လွှဲပြောင်းလက်မှတ်ရေးထိုးခဲ့တာလို့ ထုတ်ပြန်ထားတာပါ။

ဒါပေမယ့် ဦးမြင့်ဆွေ လက်မှတ်နဲ့တာဝန်လွှဲပြောင်းတဲ့ အကြောင်းကြားစာကိုတော့ စစ်ကောင်စီဘက်က တရားဝင်ထုတ်ဖော်ပြသခြင်း မရှိခဲ့ပါဘူး။

ဦးမြင့်ဆွေဟာ ကျန်းမာရေးအခြေအနေအရ ဇွန် ၁၈ ရက်နေ့ကနေ ဇူလိုင် ၃၀ ရက်နေ့အထိ ဆေး ခွင့်ယူထားတယ်လို့ စစ်‌ကောင်စီက ဇူလိုင် ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားတာပါ။

အဲဒီနောက်ပိုင်း ဇူလိုင် ၃၁ ရက်နေ့မှာ စစ်ကောင်စီရဲ့ အရေးပေါ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ ခေါ်ယူမယ့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးအတွက် ယာယီသမ္မတတာဝန်တွေကို အခုလိုလွှဲပြောင်းလာတာ ဖြစ်ပါတယ်။

ဒါကြောင့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ ယာယီသမ္မတတာဝန်ရယူထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်လာပြီး လိုသလိုဆုံး ဖြတ်ပိုင်ခွင့် အပြည့်ရှိနေပါတယ်။

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ လုပ်ပိုင်ခွင့်အာဏာတွေဟာ စစ်ခေါင်းဆောင်လက်ထဲ အ ကုန်လုံးရောက်ရှိသွားပြီဖြစ်တဲ့အတွက် လာမယ့်အခင်းအကျင်းမှာ ဘယ်လိုသွားမယ်ဆိုတာ သူ့အ ပေါ်မူတည်တယ်လို့ ထောက်ပြပါတယ်။

“သူ့ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေဟာ လေးရပ်စလုံး သူ့လက်ထဲမှာ အကုန်လုံးရောက်ရှိသွားပြီပေါ့။ အ ကြွင်းမဲ့အာဏာရှင်ဖြစ်သွားပြီလို့ ပြောလို့ရတယ်။ ဆိုတော့ ကျွန်တော်တို့ ရှေ့လာမယ့် အခင်းအ ကျင်းမှာ သူကလောလောဆယ်ဖြစ်နေတဲ့ ပဋိပက္ခတွေကို စစ်ရေးအရဖြေရှင်းမလား ဒါမှမဟုတ် နိုင်ငံရေးအရ သူသွားမလားပေါ့။ အရင်တုန်းက ကာလုံတို့ တင်ပြရတာပေါ့။ အခုအခြေအနေမှာ ကာလုံဆိုတာလည်း စစ်တပ်ကများသွားပြီပေါ့”လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ ရှမ်းမြောက်၊ရခိုင်နဲ့ မန္တလေးတိုင်းက မြို့ နယ်တစ်ချို့မှာ ဒေသတွင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ မြို့ သိမ်းစခန်းသိမ်းထိုးစစ်ကို ရင်ဆိုင်နေရတာပါ။

နိုင်ငံရေးအကဲခတ်တွေကတော့ စစ်ကောင်စီအနေနဲ့ စစ်ရေးအပေါ်စီးရအောင် တိုက်ခိုက်မယ့် သ ဘောရှိတဲ့အတွက် နောက်ထပ်အရေးပေါ်ကာလသက်တမ်း ၆ လ ဆက်လက်တိုးယူနိုင်တယ်လို့ သုံး သပ်ကြပါတယ်။

စစ်ခေါင်းဆောင်အနေနဲ့ အိမ်နီးချင်းနိုင်ငံကြီးတွေကအစ မိုက်ရူးရဲတာတွေ မလုပ်ဖို့ ဖျောင်းဖျတာတွေရှိသလို စစ်ဗိုလ်ချုပ်တွေကလည်း အပြောင်းအလဲလုပ်ဖို့ တိုက်တွန်းပေမယ့် လုံးဝလက်မခံဘဲ အဆုံးအထိမိုက်မယ်ဆိုတဲ့ အခြေအနေမျိုးကို ခင်းကျင်းသွားတာလို့ ဦးနေဘုန်းလတ်က မှတ်ချက်ပြုပါတယ်။

နိုင်ငံရေးအကဲခတ်တွေကလည်း စစ်ခေါင်းဆောင်အနေနဲ့ အမြင့်ဆုံးရာထူးလေးနေရာအထိ ရယူမှုဟာ လက်ရှိ နိုင်ငံရေးပြဿနာကို စစ်ရေးနဲ့သာ ဖြေရှင်းတော့မယ်လို့ ကြေညာမှုဖြစ်ပြီး တိုင်းပြည်ဟာ ကမ္ဘာ့တဝန်းမှာ အဆိုးဝါးဆုံး ပြည်တွင်းစစ်ဒဏ်နဲ့ ရင်ဆိုင်ရတော့မယ်လို့ သုံးသပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CINCDS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.