ဝါရှင်တန်၊ ဇူလိုင် ၂၃
အခုသီတင်းပတ်အတွင်း လာအိုနိုင်ငံ ဗီယက်ကျန်းမြို့မှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ နိုင်ငံရေးနဲ့ မပတ်သက်တဲ့ မြန်မာကိုယ်စားလှယ် တက်ရောက်ခွင့်ကို ထောက်ခံကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။
လာမယ့် ဇူလိုင် ၂၄ ရက်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခအပါအဝင် အာဆီယံ အရာရှိတွေနဲ့ ဆွေးနွေးရေး အာရှတိုက်သို့ သွားရောက်မှာ ဖြစ်ပါတယ်။
ဝါရှင်တန်အစိုးရအနေနဲ့ မြန်မာ့ဒီမိုကရေစီအရေး လိုလားတဲ့ အုပ်စုတွေနဲ့ ဆက်လက် စေ့စပ်ညှိနှိုင်းသွားမှာ ဖြစ်ကြောင်း အရာရှိတွေက ပြောကြားထားပါတယ်။
![](https://i0.wp.com/burmese.thanlwintimes.com/wp-content/uploads/2024/07/2022-10-27T035030Z_2029385088_RC2E9X9NC9GU_RTRMADP_3_ASEAN-MYANMAR-scaled-1.jpg?resize=640%2C427&ssl=1)
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ မြန်မာနိုင်ငံက နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ ကိုယ်စားလှယ် တစ်ဦး တက်ရောက်မယ်လို့ မိမိတို့ မျှော်လင့်ထားကြောင်း အရှေ့အာရှနဲ့ ပစိဖိတ်ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ် ကရစ်တန်ဘရစ်က ပြောကြားခဲ့ပါတယ်။
လာအိုမှာ ဇန်နဝါရီလက ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ စစ်ကောင်စီက နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါ်မာလာသိန်းထိုက်ကို စေလွှတ်ခဲ့ပါတယ်။
လာအိုမှာ ကျင်းပနေတဲ့ အစည်အဝေး မတိုင်ခင် ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာ လူမှုအဖွဲ့အစည်း ၃၀၀ ကျော်က အာဆီယံ အတွင်းရေးမှူးချုပ်ဆီကို စာရေးပို့ပြီး မြန်မာကိုယ်စားပြု စစ်ကောင်စီ ကိုယ်စားလှယ်ကို လက်မခံရေး ဒီမိုကရေစီ ခေါင်းဆောင်တွေကိုသာ အစည်းအဝေး တက်ရောက်ခွင့်ပြုရေး တောင်းဆိုခဲ့ကြပါတယ်။
မြန်မာ ပြဿနာ အဆုံးသတ်စေရေး အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို အမေရိကန်က အခိုင်အမာ ထောက်ခံကြောင်းလည်း အဲဒီနိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိက ပြောကြားထားပါတယ်။
![](https://i0.wp.com/burmese.thanlwintimes.com/wp-content/uploads/2024/07/ASEAN-Flags-1280.jpg?resize=640%2C360&ssl=1)
ပြည်သူလူထုအပေါ် ရက်ရက်စက်စက် ဖိနှိပ်မှုတွေ ဆက်လက် လုပ်ဆောင်နိုင်ဖို့ စစ်ကောင်စီလိုအပ်နေတဲ့ ဝင်ငွေ ရလမ်းတွေကိုလည်း အမေရိကန်က ဆက်လက် ဖြတ်တောက်သွားမှာ ဖြစ်ကြောင်း လက်ထောက်ဝန်ကြီး ဒန်နီရယ် ကရစ်တန်ဘရစ်က ပြောကြားပါတယ်။
အာဆီယံက မြန်မာ့ပြဿနာကို ဖြေရှင်းရေး ကတိတွေ ပေးထားပေမယ့်လည်း အဖွဲ့ဝင် နိုင်ငံတွေကြားမှာ သဘောထား ကွဲလွဲမှုတွေ အများကြီး ရှိနေကြောင်း လေ့လာသူတွေက ပြောကြားထားပါတယ်။
Ref:VOA