လောင်းလုံး၊ ဇူလိုင် ၂၃

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ပြင်ကျောင်းကျေးရွာက ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ် ရှားမှု သပိတ်ကော်မတီဝင်တစ်ဦးနေအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့သွားတယ်လို့ အဲဒီသပိတ်ကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မနေ့ ဇူလိုင် ၂၂ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ မြခပတ်ကျေးရွာကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ပြင်ကျောင်းကျေးရွာက သပိတ်ကော်မတီဝင် ရဲဘော်ဆူနာမီရဲ့ နေအိမ်ကို ဝင်ရောက်မီးရှို့သွားတာပါ။

ရဲဘော် ဆူနာမီဟာ Dawei LGBT Community ရဲ့ ကိုယ်စားလှယ်အနေနဲ့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီမှာ ကိုယ်စားပြုပါဝင်နေပြီး တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်နေသူတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးက စစ်ကောင်စီတပ်ဟာ ရဲဘော် ဆူနာမီကို နေအိမ်မှာ နှစ်ကြိမ်ထက်မနည်း ဝင်ရောက်ရှာဖွေဖူးပြီး အခုအကြိမ်မှာတော့ နေအိမ်ကို မီး ရှို့သွားတာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

သပိတ်ကော်မတီဝင် ရဲဘော် ဆူနာမီ နေအိမ် မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့ကစပြီး လောင်းလုံးမြို့နယ် အောက်ပိုင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာပါ။

အဲဒီစစ်ကြောင်းဟာ လောင်းလုံးမြို့နယ် ရင်းဘုတ်ကျေးရွာက ဒေသခံနေအိမ်သုံးလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ သပိတ်ကော်မတီဝင် ရဲဘော် ဆူနာမီ နေအိမ်ကို မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကျေးရွာထဲမှာတွေ့ရှိတဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး နှစ်ဦး၊ အမျိုးသားသုံးဦးကို ဖမ်းဆီးသွားပါတယ်။

လောင်းလုံးမြို့နယ် အောက်ပိုင်းကျေးရွာတွေမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့အတွက် ပြင်ကျောင်း၊ ကြက်ယက်တွင်း၊ သပြေရှောင်၊ ဟင်းချိုတော အပါအဝင်ကျေးရွာပေါင်း ၁၀ ရွာကျော်က ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-DDMSC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.