လားရှိုး၊ ဇူလိုင် ၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ စစ်ကောင်စီရဲ့ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော် အလင်းဝင်ရောက်လာတယ်လို့ ကိုးကန့်အဖွဲ့ MNDAA က ဇူလိုင် ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ တပ်မစခန်းမှ ဒုဗိုလ်မှူးကြီးတစ်ဦးက ဗိုလ်မှူး နှစ်ဦးကို ခေါ်ဆောင်ပြီး ဗိုလ်ကြီး ငါးဦးနဲ့အတူ တပ်သား စုစုပေါင်း ၃၁၇ ဦးဟာ MNDAA ထံ လက်နက်ချ အလင်းဝင်ခဲ့တာလို့ ဆိုပါတယ်။

လက်နက်ချ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို MNDAA တပ်ဖွဲ့ နိုင်ငံရေးဌာန/စည်းရုံးရေးဌာနရဲ့ လက်ထောက်ညွှန်ကြားရေးမှူး Mr.Qi Guangshun က လက်ခံတွေ့ဆုံခဲ့ပြီး ဆုကြေးငွေ ချီးမြင့်ခြင်း မူဝါဒတွေကို ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါအပြင် MNDAA ရဲ့ မူဝါဒအရ စစ်သုံ့ပန်းတွေကို အခြေခံအသက်မွေးဝမ်းကြောင်းနဲ့ လုံခြုံရေးကိုသာမက ထိခိုက်ဒဏ်ရာ ရရှိသူတွေနဲ့ ဖျားနာသူတွေကို ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဘယ်တပ်ရင်း ဌာနချုပ်က ဆိုတာနဲ့ နာမည်တွေကို MNDAA က ဖော်ပြထားခြင်း မရှိပါဘူး။

လက်နက်ချ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို MNDAA က အသက်အာမခံ အပြည့်အဝပေးမယ့်အပြင် သတ်မှတ်ထားတဲ့ ရာထူးအလိုက် ဆုကြေးငွေ ကျပ် ၁၀ သိန်းမှ ၃၅ သိန်းအထိ ချီးမြင့်မယ်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

တစ်ကျော့ပြန် တိုက်ပွဲပြင်းထန်နေတဲ့ လားရှိုးမြို့မှာ MNDAA က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဆုကြေးငွေပေးမယ်လို့ ထုတ်ပြန်ပြီးနောက် ဒုဗိုလ်မှူးကြီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော် ပထမဆုံး အလင်းဝင် ရောက်ခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – The Kokang

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.