မိုးကုတ်၊ ဇူလိုင် ၂၃

မန္တလေးတိုင်း မိုးကုတ်မြို့နယ် ပန်မထိပ်ကျေးရွာအနီးနဲ့ အကျဉ်းထောင်ရှိ စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးခဲ့တယ်လို့ TNLA က ဇူလိုင် ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မိုးကုတ်မြို့နယ် အရှေ့ပိုင်း ပန်မထိပ်ကျေးရွာနဲ့ အကျဉ်းထောင်ရှိ စစ်ကောင်စီတပ်စခန်းတွေကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော် TNLA နဲ့ PDF (မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အလောင်း ၂၀ နဲ့ လက်နက်ငယ် ၅ လက်၊ ဒရုန်း ၁ စင်းအပါအဝင် အခြားစစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ နောင်ချိုမြို့နဲ့ ကျောက်မဲမြို့နယ်တွေမှာလည်း စစ်ကောင်စီရဲ့ တပ်စခန်တွေကို တအာင်းတပ်မတော် TNLA နဲ့ မန္တလေး PDF ပူးပေါင်းတပ်တွေက ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ TNLA က အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က တစ်ကျော့ပြန် စတင်ခဲ့တဲ့ တိုက်ပွဲတွေမှာ မန္တလေးတိုင်း မိုးကုတ်မြို့ နယ်ရှိ စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ၁၀ ခုထက်မနည်းကို TNLA နဲ့ မန္တလေး PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.