မနီလာ၊ ဇူလိုင် ၂၃

ဖိလစ်ပိုင်နိုင်ငံမှာ တရုတ်နိုင်ငံသား အများစု ဖွင့်လှစ်ထားတဲ့ အွန်လိုင်း လောင်းကစားလုပ်ငန်းတွေကို ချက်ချင်း ပိတ်သိမ်းဖို့ ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ဇူလိုင် ၂၂ ရက်မှာ ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပြီး တရုတ်နိုင်ငံသား အများစု ဖွင့်လှစ်ထားတဲ့ အဲဒီအွန်လိုင်း လောင်းကစားလုပ်ငန်းတွေကြောင့် ငွေကြေးလိမ်လည်မှု၊ လူကုန်ကူးမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ပြန်ပေးဆွဲမှုနဲ့ လူသတ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဖိလစ်ပိုင် သမ္မတက စွပ်စွဲထားပါတယ်။

ဖိလစ်ပိုင်အနေနဲ့ တောင်တရုတ်ပင်လယ်ရှိ မိမိတို့ အကျိုးစီးပွားတွေကို ကာကွယ်ရေး မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ကာကွယ်နိုင်မှု အားကောင်းလာအောင် လုပ်ဆောင်သွားမယ်လို့လည်း သမ္မတ မားကို့စ်က ပြောကြားခဲ့ပါတယ်။

မိမိတို့နိုင်ငံအနေနဲ့ အငြင်းပွားမှုတွေကို သံတမန်ရေး လမ်းကြောင်းကပဲ ဖြေရှင်းသွားမှာ ဖြစ်ကြောင်း သမ္မတ မားကို့စ်က ဆိုပါတယ်။

အငြင်းပွားနေတဲ့ ရေပြင်နယ်နိမိတ်မှာ ဖိလစ်ပိုင်နဲ့ တရုတ်ကြား ထိပ်တိုက်တွေ့မှုတွေ မကြာသေးခင်က ပိုများလာပြီးနောက် သူက အခုလိုမျိုး ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

တရုတ်နဲ့ အရှေ့တောင်အာရှ နိုင်ငံတွေက လူပေါင်း ထောင်ချီကို အလုပ်ခန့်ထားတဲ့ တရုတ် အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ ဖိလစ်ပိုင်နိုင်ငံတွင်းမှာ ၄၀၀ ကျော်လောက် ရှိနေကြောင်း သိရပါတယ်။

ဒီလိုမျိုး တရုတ် အွန်လိုင်းလောင်းကစား လုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး အကျင့်ပျက် ခြစားနေတဲ့ ဖိလစ်ပိုင်အရာရှိတွေလည်း ရှိနေကြောင်း လွှတ်တော် အမတ်တွေက ပြောထားပါတယ်။

တောင်တရုတ်ပင်လယ်မှာ ဖိလစ်ပိုင်အနေနဲ့ တိုက်ခိုက်ခံရတဲ့ အခြေအနေမှာ မိမိတို့က ကာကွယ်ပေးဖို့ တာဝန်ရှိကြောင်း အမေရိကန်က ပြောဆိုထားပါတယ်။

ဖိလစ်ပိုင် သင်္ဘောတွေကို တရုတ်ကမ်းခြေစောင့်တပ်က ရန်စမှုတွေ ပြုလုပ်ခဲ့ပြီးနောက် နှစ်နိုင်ငံ သံတမန်ရေးဆိုင်ရာ သဘောတူညီမှု တစ်ရပ် ရယူထားပေမယ့် တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါး သူတို့အပိုင် ဖြစ်တယ်လို့ ပြောဆိုထားတဲ့ တရုတ်က နယ်နိမိတ်ဆိုင်ရာ အလျှော့ပေးမှု လုပ်ဆောင်လာဖွယ် မရှိပါဘူး။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.