ဝါရှင်တန်၊ ဇူလိုင် ၂၂
လာမယ့် နိုဝင်ဘာလမှာ ကျင်းပတော့မယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့်သူအဖြစ်ကနေ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန် နုတ်ထွက်သွားပြီဖြစ်ပါတယ်။
သမ္မတ ဘိုင်ဒန်က “လက်ရှိသမ္မတသက်တမ်း ကျန်ရှိချိန်အတွင်းမှာ ကျနော့်ရဲ့တာဝန်တွေကို ဖြည့်ဆည်းဆောင်ရွက်ဖို့ အစွမ်းကုန် အာရုံစိုက်ဖို့နဲ့ နိုင်ငံနဲ့ ပါတီရဲ့ အကျိုးစီးပွားအတွက် နုတ်ထွက်လိုက်ခြင်းဖြစ်တယ်လို့ ယုံကြည်ပါတယ်” လို့ ဇူလိုင် ၂၁ ရက်မှာ ပြောဆိုခဲ့ပါတယ်။
အသက် ၈၁ နှစ်အရွယ် သမ္မတဘိုင်ဒန်ကို လာမယ့် သမ္မတရွေးကောက်ပွဲကနေ နုတ်ထွက်ပေးဖို့ ဒီမိုကရက်တစ်ပါတီဝင်တွေနဲ့ အလှူရှင်တွေက တောင်းဆိုခဲ့ကြပြီးတဲ့နောက် အခုလိုမျိုး သူ့ရဲ့ နုတ်ထွက်ဖို့ ကြေညာချက်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အဲဒီကာလတုန်းကတော့ သမ္မတဟောင်း ဘားရက်အိုဘားမားက သမ္မတအနေနဲ့ ရွေးကောက်ပွဲကနေ နုတ်ထွက်ဖို့ သေသေချာချာ စဉ်းစားသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။
အမေရိကန်အောက်လွှတ်တော် ဥက္ကဌဟောင်း နန်စီပလိုစီကတော့ သမ္မတဘိုင်ဒန်နဲ့ သီးသန့်စကားပြောဆိုခဲ့ပြီး ဒေါ်နယ်ထရန့်ကို လက်ရှိသမ္မတက မနိုင်နိုင်ဘူးဆိုတဲ့ လူထုဆန္ဒသဘောတွေနဲ့ပတ်သက်လို့ စိုးရိမ်တဲ့အကြောင်း ဖော်ပြပြောကြားခဲ့ပါတယ်။ သမ္မတဟောင်း ထရန့်ဟာ အောက်လွှတ်တော်မှာ ဒီမိုကရက်တွေလွှမ်းမိုးထားမှုကို ဖြိုဖျက်နိုင်ကြောင်းလည်း နန်စီက သတိပေးပါတယ်။
ဒီမိုကရက်တစ်ပါတီကိုယ်စားပြုသမ္မတလောင်းအဖြစ် လက်ရှိ ဒုသမ္မတ ကမ်မီလာ ဟားရစ်ကို အဆိုပြုကြောင်း သမ္မတဘိုင်ဒန်က သူ့ရဲ့ နုတ်ထွက်စာလွှာထဲမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
အဲဒီနောက်တော့ ဒုသမ္မတ ကမ်မီလာက သမ္မတဘိုင်ဒန်ရဲ့ ထောက်ခံမှုကို ဂုဏ်ယူဝမ်းမြောက်စွာ ထောက်ခံတဲ့အကြောင်းနဲ့ ပါတီကိုယ်စားပြုသမ္မတလောင်းအဖြစ် အဆိုပြုတာကိုလက်ခံမယ်လို့ လူမှုကွန်ရက်ကနေတဆင့် ဖော်ပြရေးသားပါတယ်။
လာမယ့်ရွေးကောက်ပွဲကနေ နုတ်ထွက်တဲ့အကြောင်း သမ္မတဘိုင်ဒန်ရဲ့ ရုတ်တရက် ကြေညာချက်ကိုတော့ ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်တချို့က အံ့အားသင့်ခဲ့ကြပေမယ့် အဓိကခေါင်းဆောင်တွေကတော့ ကြိုဆိုတဲ့အကြောင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။
အထက်လွှတ်တော် ဒီမိုကရက်ပါတီခေါင်းဆောင် ချက်ရှူးမားက “သမ္မတ ဘိုင်ဒန် ရွေးကောက်ပွဲမဝင်ဖို့ဆုံးဖြတ်လိုက်တာဟာ လွတ်လွတ်ကူကူ ဆုံးဖြတ်လိုက်တာ မဟုတ်ဘဲ တိုင်းပြည်နဲ့ ပါတီရဲ့ အကျိုး၊ အနာဂတ်ကို ရှေ့တန်းတင် စဉ်းစားတာသာဖြစ်တယ်” လို့ ဇူလိုင် ၂၁ ရက်မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
ရွေးကောက်ပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ရဖို့ရှိနေတဲ့ ပြည်နယ်တချို့မှာ သမ္မတဘိုင်ဒန်ဟာ လူထုထောက်ခံမှုကျဆင်းမှုနဲ့ ရင်ဆိုင်နေရပြီဆိုတဲ့ သဘောထားစစ်တမ်းတွေ မကြာသေးခင်က ထွက်လာပြီးတဲ့နောက်ပိုင်း သမ္မတကို ရွေးကောက်ပွဲဆက်မပြိုင်တော့ဖို့ တိုက်တွန်းတောင်းဆိုချက်တွေ ပိုမိုကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။
Ref:msnRef:msn