မော်လမြိုင် ၊ ဇူလိုင် ၂၁

စစ်ကောင်စီ အာဏာသိမ်းယူချိန်ကစပြီး အခုလက်ရှိအချိန်အထိ သူတို့ရဲ့ တိုက်ရိုက်ညွှန်ကြားမှုကြောင့် မြန်မာနိုင်ငံတဝန်းမှာ အင်တာနက်ဖြတ်တောက်မှု ကြိမ်ရေ ၃၀၀ နီးပါး ရှိလာတယ်လို့ Myanmar Internet Project က အစီရင်ခံစာထုတ်ပြန်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အင်တာနက်ဖြတ်တောက်တာ၊ ဖြတ်တောက်စေလိုတဲ့ နေရာတွေကို ကန့်သတ်တာ၊ အချိန်ကန့်သတ်တာ၊ အင်တာနက်မြန်နှုန်းအားလျှော့ချတာ၊ လူသုံးများတဲ့ လူမှုကွန် ရက်မီဒီယာတွေနဲ့ သတင်းမီဒီယာတွေ အသုံးပြုတဲ့ ဝက်ဘ်ဆိုဒ်တွေကို တိုက်ရိုက်ဝင်ရောက်ခွင့် မရစေဖို့ လုပ်ဆောင်တာ ဖြစ်ပါ တယ်။

Myanmar Internet Project က ထုတ်ပြန်ထားသော အချက်အလက်တွေအရ ၂၀၂၁ ခုနှစ်၊ ဖေ ဖော်ဝါရီ အာဏာသိမ်းကာလကစတင်ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာအထိ နိုင်ငံတဝန်း အင်တာနက်ပြတ်တောက်မှု အနည်းဆုံး ၂၄၅ ကြိမ်နဲ့ အထက် ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါဟာ သတင်းစီးဆင်းမှုကို နှောင့်နှေးစေရေး၊ လူထုရဲ့ ဒီမိုကရေစီလှုပ်ရှားမှုနဲ့ သက်ဆိုင်တဲ့ ချိတ် ဆက်မှုတွေကို အနှောင့်အယှက်ပေးနိုင်ရေးနဲ့ သူတို့ရဲ့ စစ်ရေးလှုပ်ရှားမှုသတင်းတွေကို လျှို့ဝှက်ထားနိုင်ဖို့ နေရာဒေသအလိုက် အင်တာနက်ဖြတ်တောက်မှုတွေကို စစ်ကောင်စီက ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့တာပါ။

ကချင်လူ့အခွင့်အရေး‌စောင့်ကြည့်ရေးအဖွဲ့ ပြောခွင့်ရသူတစ်ဦးက သူတို့ ပြည်နယ်မှာရှိတဲ့ မြို့ နယ်တိုင်းမှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားတာဟာ လူထုတွေပေါ် လူ့အခွင့်အရေးချိုးဖောက်မှုလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုလက်ရှိအခြေအနေက သူတို့က ဖုန်းလိုင်းရော၊ အင်တာနက်ပါ ဖြတ်တောက်ထားတဲ့ အခြေအ နေရှိပါတယ်။ ဒါပေမယ့် သူတို့ပိုင်တဲ့ MyTel ကုမ္ပဏီတော့ အသုံးပြုခိုင်းတဲ့ အခြေအနေရှိပါတယ်။ အဓိက သူတို့ရည်ရွယ်ချက်ကတော့ ပြည်သူလူထုတွေရဲ့ သတင်းအချက်အလက်ကို စောင့်ကြည့်နေတဲ့အခြေအနေပါ။ ဒီဟာကတော့ ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခု ဖြစ်ပါတယ်ဗျ”လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ ပဋိပက္ခများ ပြားတဲ့ဒေသတွေမှာ အင်တာနက်ဖြတ်တောက်မှုတွေ ပိုမိုလုပ်ဆောင်ခဲ့တာကို တွေ့ရတယ်လို့ Myanmar Internet Project ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။

အစီရင်ခံစာပါ အချက်အလက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာအတွင်း တော်လှန်ရေး အင်အားစုတွေနဲ့ ပဋိပက္ခပြင်းထန်ခဲ့တဲ့ စစ်ကိုင်းတိုင်းမှာ စုစုပေါင်းအင်တာနက်ဖြတ်တောက်မှုရဲ့ ၃၃ ဒသမ ၃၃ ရာခိုင်နှုန်းအထိ တွေ့ကြုံခဲ့ရတာပါ။

ဒါ့အပြင် ချင်း၊ ကချင်နဲ့ ကရင်နီတို့မှာ စစ်ကောင်စီက တိုင်းရင်းသားဒေသခံ တော်လှန်ရေးသမားတွေရဲ့ ခုခံမှုကို ပြင်းထန်စွာ ရင်ဆိုင်ခဲ့ရပြီး အင်တာနက်ဖြတ်တောက်မှု စုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်းလောက် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက အင်တာနက်လိုင်း၊ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတဲ့အတွက် ဆက်သွယ်ရေး၊လူမှုစီးပွားရေးနဲ့ အကူအညီပေးရေးတွေမှာ အခက်အခဲရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အထူးသဖြင့် ဆက်သွယ်ရေးအခက်အခဲတွေ၊ လူမှုစီးပွားရေးမှာ ချိတ်ဆက်ပြောဆိုတာ ကူညီပေးတဲ့နေရာမှာလည်းပဲ အခက်အခဲရှိတယ်။ မလိုလားအပ်ဘဲနဲ့ ငွေကြေးပိုကုန်တယ်။ အချိန်တွေပိုကုန်ပြီးမှ ဆက်သွယ်ကူးလူးရတဲ့အတွက် ပိုပြီးခက်ခဲမှု ရှိပါတယ်။ တချို့နေရာမှာ သွားလာရခက်ခဲတဲ့အပေါ် လူတွေနဲ့ပဲသွားတာမို့ ဖုန်းလိုင်းအင်တာနက်လိုင်းရတဲ့နေရာမှာ ကြိုစီစဉ်လို့ ရတာပေါ့။ ဒါပေမယ့် အခုနောက်ပိုင်းက ဒီလိုမျိုး အခက်အခဲကြောင့် လူပင်ပန်းတာတွေ တချို့နေရာမှာ အန္တရာယ်ရှိတဲ့နယ်မြေဖြတ်သန်းရတာမို့ ပိုပြီးတော့မှ စိန်ခေါ်မှုတွေ များပါတယ်”လို့ ဆိုပါတယ်။

တစ်ဘက်မှာလည်း အာဏာသိမ်းမှု သုံးနှစ်အတွင်း ဆက်သွယ်ရေးတာဝါတိုင် ဖျက်ဆီးခံရမှုဟာ အရေအတွက် ၃၀၀ ကျော် ရှိခဲ့ပြီး စစ်ကိုင်းတိုင်းမှာတော့ အရေအတွက်စုစုပေါင်းရဲ့ ၃၅ ဒသမ ၇၄ ရာခိုင်နှုန်းအထိ အများဆုံး ဖြစ်ပွားခဲ့တာပါ။

တာဝါတိုင်ဖျက်ဆီးခံရမှုအခြေအနေဟာ တော်လှန်ရေးအင်အားစုတွေက အဓိကလုပ်ဆောင်ခဲ့ပြီး စစ်တပ်ရဲ့ ဝင်ငွေရင်းမြစ်တစ်ခုကို ဖြတ်တောက်ဖို့နဲ့ ရရှိလာတဲ့ တာဝါတိုင်အပိုင်းအစတွေကို တော် လှန်ရေးကနဦးကာလမှာ လက်နက်ပြန်လည်ထုတ်လုပ်ဖို့ ရည်ရွယ်တာပါ။

ဒါကြောင့် လက်နက်ကိုင်ပဋိပက္ခကြီးထွားရာဒေသတွေမှာ အခြေချနေထိုင်တဲ့ လူထုအနေနဲ့ သ တင်း ဆက်သွယ်ရေးပြတ်တောက်မှုဆိုးကျိုးကို အခြားဒေသတွေထက် ပိုမိုခံစားရတယ်လို့ Myanmar Internet Project ရဲ့ အစီရင်ခံစာက ထောက်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.