ကျိုက်မရော၊ ဇူလိုင် ၂၀

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ငပုအင်းကျေးရွာမှာ စစ်ကောင်စီတပ် လေယာဉ်နဲ့ဗုံးကြဲတိုက် ခိုက်မှုကြောင့် ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဇူလိုင် ၁၉ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ ငပုအင်းကျေးရွာ ဘုန်းကြီး ကျောင်းနဲ့ လွှစင်ကုန်လမ်းဆုံကို တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးလို့ ယူဆရတဲ့ ဗုံးသုံးလုံး ကြဲချသွားခဲ့တာပါ။

လေယာဉ်နဲ့ဗုံးကြဲခံရတာကြောင့် ဘုန်းကြီးကျောင်း ထမင်းစားဆောင်အပါအဝင် အဆောက်အဦးတချို့ ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးမှု များပြားခဲ့ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ အဲဒီဗုံးကြဲမှုအတွင်း အရပ်သား လေးဦးအပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရသူအရေအတွက် အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ဗုံးကြဲခံရပြီးနောက် ထိခိုက်သေဆုံးခဲ့တဲ့သူတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ဝိုင်းဝန်းကူညီ ကယ်ဆယ်နေပြီး အခြေအနေအသေးစိတ်ကို လက်ရှိအချိန်အထိ တစ်စုံတစ်ရာ သ တင်းထုတ်ပြန်တာ မတွေ့ သေးပါဘူး။

ဗုံးကြဲခံရတဲ့ ဘုန်းကြီးကျောင်းမှာ ကျားဖြူစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်း၊ မွန်ပြည်လွတ်မြောက် ရေးတပ်တော် MLA နဲ့ မြစန္နီစစ်ကြောင်းအဖွဲ့ဝင်တွေ အစည်းအဝေးလုပ်နေချိန် ဗုံးကြဲခံရတာလို့ သတင်းတွေထွက်ပေါ် နေပေမယ့် အတည်ပြုနိုင်ဖို့ သံလွင်တိုင်းမ်က စုံစမ်းနေပါတယ်။

ကျိုက်မရောမြို့နယ်ရဲ့ နယ်မြေအများစုကိုတော့ တော်လှန်ရေးမဟာမိတ်အင်အားစုပူးပေါင်းတပ်ဖွဲ့တွေ နယ်မြေထိန်းချုပ်ထားတာ ဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေကြောင်းတိုက် ခိုက်မှုတွေ မကြာခဏပြုလုပ်နေတာပါ။

ဒါပေမယ့် ငပုအင်းကျေးရွာ လေယာဉ်နဲ့ဗုံးကြဲခံရတဲ့ ဖြစ်စဉ်ဟာ မွန်ပြည်နယ်မှာ အာဏာသိမ်းကာ လအတွင်း ပထမဆုံးအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.