နေပြည်တော် ၊ ဇူလိုင် ၂၀

စစ်ကောင်စီကို အသက်ဆက်ပေးနေတဲ့ အရေးပေါ်သက်တမ်းကုန်ဆုံးဖို့ ရက်သတ္တပတ်ကျော်သာကျန်ရှိတော့တဲ့အချိန်မှာ ယာယီသမ္မတအဖြစ် တင်မြှောက်ထားတဲ့ ဦးမြင့်ဆွေက ကျန်းမာရေးဆိုး ရွားလာနေပါတယ်။

ဦးမြင့်ဆွေဟာ ကျန်းမာရေးမကောင်းဘဲ အစားအသောက်နဲ့ နေ့စဉ်လှုပ်ရှားမှုကို မလုပ်ဆောင်နိုင်တာကြောင့် အထူးဆေးကုသမှုအဖွဲ့ရဲ့ အနီးကပ်ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူနေတယ်လို့ စစ်‌ကောင်စီက ဇူလိုင် ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သူ့အနေနဲ့ အခုနှစ်ဆန်းပိုင်းကစပြီး လှုပ်ရှားရာမှာ တုန့်နှေးခြင်းနဲ့ အစားအသောက်နည်းခြင်းတို့ကို စတင်ခံစားရာကနေ အာရုံကြောအားနည်းရောဂါကိုပါ ဆက်လက်ခံစားနေရတာကြောင့် ဇွန် ၁၈ ရက်နေ့ကနေ ဇူလိုင် ၃၀ ရက်နေ့အထိ ဆေးခွင့်ယူထားတာပါ။

တစ်ဘက်မှာ စစ်ကောင်စီ တိုးယူထားတဲ့အရေးပေါ်သက်တမ်းကလည်း ဇူလိုင် ၃၁ ရက်နေ့မှာ ကုန် ဆုံးမှာဖြစ်တဲ့အတွက် ယာယီသမ္မတ ဦးမြင့်ဆွေက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူကာ သက်တမ်းတိုး‌ပေးရမှာပါ။

ဇူလိုင် ၃၁ ရက်နေ့မှာ ခေါ်ယူမယ့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို ဦးမြင့်ဆွေ မတက်ရောက်နိုင်ခဲ့ဘူးဆိုရင် စစ်ကောင်စီအနေနဲ့ ကျန်တဲ့ကာကွယ်ရေးဦးစီးချုပ်တွေအပါအဝင် အခြားဝန်ကြီးတွေနဲ့ ဘယ်လိုဆက်လုပ်မလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

တရားလွှတ်တော် ရှေ့နေတစ်ဦးက ဖွဲ့စည်းပုံအရ အာဏာသုံးရပ် ထိန်းသိမ်းထားသူဟာ သမ္မတ ဒါမှမဟုတ် ယာယီသမ္မတကို ခန့်ပိုင်ခွင့်မရှိတဲ့အတွက် ဦးမြင့်ဆွေ ကာလုံအစည်းအဝေးမတက်နိုင်ရင် ရွှေ့ဆိုင်းရမယ့်အနေအထားလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တကယ်တမ်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လုပ်မယ်ဆိုရင်တော့ အရေးပေါ်ကာလအခြေ အနေမှာ အာဏာသုံးရပ်ထိန်းသိမ်းထားတဲ့ သူက ပုဒ်မ ၄၁၉ အရ သမ္မတ သို့မဟုတ် ယာယီသမ္မတကို ခန့်အပ်ခွင့်မရှိပါဘူး။ ခန့်အပ်ခွင့်မရှိတဲ့အတွက် ဦးမြင့်ဆွေက ကာလုံအစည်းအဝေး မတက်နိုင်ဘူးဆိုရင်တော့ ရွှေ့ဆိုင်းရမယ့် အနေအထားတော့ ရှိတာပေါ့။ သူ့ကျန်းမာရေးအခြေအနေ တစ်စုံ တစ်ရာထူးခြားတဲ့အထိ စောင့်ဆိုင်းရမယ့် အနေအထားတော့ ရှိပါတယ်”လို့ ဆိုပါတယ်။

တကယ်လို့ ကာလုံအစည်းအဝေးမှာ ယာယီသမ္မတ မပါဘဲ ကျန်တဲ့အဖွဲ့ဝင်တွေ တက်ရောက်လည်း ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ချမှတ်နိုင်တဲ့ အနေအထားမရှိသလို ဥပဒေကလည်း ခွင့်ပြုမထားတဲ့အတွက် အစည်းအဝေး အထမမြောက်နိုင်ဘူးလို့ တရားလွှတ်တော် ရှေ့နေက ထောက်ပြပါတယ်။

တစ်ဘက်မှာလည်း ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူကို ဧပြီ ၂၂ ရက်နေ့ကစပြီး စစ်ကောင်စီက ကျန်းမာရေးအရ အနားယူခွင့်ပြုလိုက်တယ်လို့ သတင်းထုတ်ပြန်ထားတာပါ။

မဲစာရင်းမှားယွင်းမှုအကြောင်းပြချက်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကို ဖမ်းဆီးပြီး ဒုသမ္မတ ဦးမြင့်ဆွေအား ယာယီသမ္မတအဖြစ် ခန့်အပ်ခဲ့တာပါ။

အဲဒီနောက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ ကာလုံလို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူပြီး နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာကာ တစ်နှစ်အာဏာလွှဲ ယူခဲ့ပါတယ်။

အဲဒီကနေတစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ တစ်ကြိမ်မှာ ၆ လအထိ တိုးမြှင့်ခွင့်ရှိတဲ့ သက်တမ်း ကို စစ်ကောင်စီက အကြောင်းမျိုးမျိုးပြကာ ၅ ကြိမ်အထိ တိုးယူခဲ့ပြီး နိုင်ငံ့အာဏာကို ကာလရှည်ကြာရယူဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

ဒါ‌ကြောင့် စစ်ကောင်စီအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ ကို အတင်းအကြပ်အာဏာသုံးပြီး သက်တမ်းဆက်တိုးတာမျိုး ဖြစ်နိုင်သလို ကြားဖြတ်အစိုးရဖွဲ့တာလည်း လုပ်ဆောင်နိုင်တယ်လို့ တရားလွှတ်တော်ရှေ့ နေက သုံးသပ်ပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ ကို အတင်းအကျပ်အာဏာသုံးပြီးတော့မှ သက်တမ်းဆက်တိုးတာမျိုး ဖြစ်နိုင်သလို ကြားဖြတ်အစိုးရဖွဲ့ဖို့ တရုတ်က ဖိအားပေးနေသလိုပေါ့။ အများပြည်သူလက်ခံနိုင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ကြားဖြတ်အစိုးရအဖွဲ့တစ်ခုဖွဲ့ပြီးတော့မှ အမျိုးသားရင်ကြားစေ့ရေး ငြိမ်းချမ်းရေး တရားဥပဒေစိုးမိုးရေး အတွက် ရှေ့ဆက်လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်တာပေါ့။ အငြိမ်းစားယူမယ်ဆိုရင် ယူနိုင်တာပေါ့။ အဲဒီလို အနေအထားမျိုးတွေတော့ ကျွန်တော်တို့ တွေးဆထားပါတယ်”လို့ ဆိုပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်အာဏာလွှဲအပ်ခြင်းခံရတဲ့ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဟာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာတွေကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိတယ်လို့ ပြဌာန်းထားပါတယ်။

တစ်ဘက်မှာ တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက မြန်မာစစ်ခေါင်းဆောင် အာဏာစွန့်ရေးနဲ့ ရွေးကောက်ပွဲအတွက် လမ်းဖွင့်ပေးနိုင်မယ့် ကြားဖြတ်အစိုးရတစ်ရပ် ဖော်ဆောင်ပေးရေးအတွက် ဖျောင်းဖျပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ စစ်ခေါင်းဆောင်အနေနဲ့ ဒီလိုမျိုး တိုင်းပြည်အကျပ်အ တည်းကာလမှာ သူ့အရည်အချင်းညံ့လို့ အစိုးရအသစ်ဖွဲ့စည်းလိုက်ရတယ်ဆိုတဲ့ ပုံရိပ်မျိုးလိုလားမှာ မဟုတ်ဘူးလို့ သုံးသပ်ပါ တယ်။

“သူ့နေရာမှာ တခြားလူအစားထိုးဖို့ စိတ်မဝင်စားဘူး။ အထူးသဖြင့် တိုင်းပြည်မှာ အကျပ်အတည်းဖြစ်နေတဲ့ကာလမျိုးမှာ သူကလွှဲပေးလို့ရတာပေါ့။ သူက အရည်အချင်းညံ့လို့ အစိုးရအသစ်ဖွဲ့စည်းလိုက်ရတယ်ဆိုတဲ့ အဲဒီလို ပုံရိပ်မျိုး သူလိုလားမှာ မဟုတ်ဘူး။ အဓိက လောလောဆယ် ဖြစ်နေတဲ့ စစ်ရေးအကျပ်အတည်း၊ နိုင်ငံ ရေးအကျပ်အတည်းကို ဘယ်လိုသွားကြမလဲဆိုတာ ကာလုံခေါ်ပြီးတော့ ဆွေးနွေးမယ့် သဘောလို့ မှန်းဆပါ တယ်။ အတိအကျတော့ မဟုတ်ဘူးပေါ့”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ ရှမ်းမြောက်၊ရခိုင်နဲ့ မန္တလေးတိုင်းက မြို့ နယ်တစ်ချို့မှာ ဒေသတွင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ မြို့ သိမ်းစခန်းသိမ်း ထိုးစစ်ကို ရင်ဆိုင်နေရတဲ့ အခြေအနေပါ။

ဒါကြောင့် စစ်ကောင်စီအနေနဲ့ အခြေခံဥပဒေကို လိုသလိုကျင့်သုံးပြီး သက်တမ်းဆက်တိုးကာ နောက်နှစ်ဖေဖော်ဝါရီ ၁ ရက်နေ့ကျမှာသာ အာဏာကို လွှဲအပ်ပြီး ကြားဖြတ်အစိုးရကနေ နိုင်ငံရေးထွက်ပေါက်ဖြစ်တဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်နိုင်တယ်လို့ သုံးသပ်တာလည်း ရှိနေပြန်ပါတယ် ။

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အာဏာသိမ်းမှု သုံးနှစ်ကျော်အတွင်း မြို့ ပေါင်း ၆၀ ကျော် လက်လွှတ်ခဲ့ရပြီးချိန်မှာ လာမယ့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပမယ်လို့ ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့မှာ အချိန်ကာလတစ်ခုကို ပထမဦးဆုံး ထုတ်ပြောလာခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.