စထရာဘောက်ဂ်၊ ဇူလိုင် ၁၉

ဥရောပကော်မရှင် ဥက္ကဌ အာဆလာ ဗွန် ဒါလေယန်ဟာ ဒုတိယမြောက် ရာထူးသက်တမ်း အတွက် ဇူလိုင် ၁၈ ရက်မှာ ရွေးကောက်ခံခဲ့ရပါတယ်။

ဗဟိုလက်ယာယိမ်း ဂျာမနီ ကာကွယ်ရေး ဝန်ကြီးဟောင်း ဗွန် ဒါလေယန်က ဥရောပတိုက်လုံး ဆိုင်ရာ ကာကွယ်ရေးသမဂ္ဂ ဖန်တီးမယ်လို့ ကတိပြုခဲ့ပြီး စက်မှုလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချပြီးတော့ သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီအောင် ဆက်လက် လုပ်ဆောင်မယ်လို့ ကတိပြုခဲ့ပြီးနောက် ထပ်မံ ရွေးကောက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂရဲ့ သြဇာကြီးမားတဲ့ အဖွဲ့ အစည်းရဲ့ ခေါင်းဆောင် ရာထူးအတွက် ဗွန်ဒါလေယန်က နောက်ထပ် ငါးနှစ်သက်တမ်း ဆက်နေခွင့် ရရေး ကြိုးပမ်းမှုကို အဖွဲ့ဝင် ၇၂၀ ဦး ထဲက ၄၀၁ ဦး ထောက်ခံခဲ့တာပါ။

စထရာဘောက်ဂ်မြို့ရှိ လွှတ်တော်သို့ စောစောပိုင်း တစ်ရက်က မိန့်ခွန်း ပြောကြားရာမှာ ဗွန် ဒါလေယန်က ရာသီဥတု ပြောင်းလဲမှု၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပြိုင်ဆိုင်မှုနဲ့ ရုရှားရဲ့ ယူကရိန်းစစ်ပွဲကြောင့် ဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုတွေနဲ့အညီ လုံခြုံရေးနဲ့ သာယာဝပြောရေး အာရုံစိုက်မယ့် စီမံကိန်း တစ်ရပ်ကို ချပြခဲ့ပါတယ်။

မိမိတို့အနေနဲ့ လာမယ့် ငါးနှစ်တာမှာ နောင်နှစ်ပေါင်း ၅၀ လောက် အတွက် မိမိတို့ အနာဂတ်ကို ပုံဖော်ရမှာ ဖြစ်ပြီး အဲဒီလို မလုပ်ရင် အခြားဖြစ်ရပ်တွေ၊ အခြားနိုင်ငံတွေကြောင့် မိမိတို့ အနာဂတ် ပုံပျက်သွားနိုင်တယ်လို့ ဗွန် ဒါလေယန်က ပြောထားပါတယ်။

ဒီအစီအစဉ်ဟာ စစ်ရေးအသွင်ပြောင်းမှု ထိပ်တိုက်ရင်ဆိုင်ရေး ပြင်ဆင်မှု ဖြစ်တယ်လို့ ကရင်မလင် နန်းတော်က ပြောကြားပြီး ဝေဖန်ထားပါတယ်။

ဥရောပမှာ ကာကွယ်ရေး မူဝါဒဟာ အစဉ်အလာအရ နိုင်ငံတော် အစိုးရတွေနဲ့ နေတိုးအဖွဲ့ရဲ့ အဓိကတာဝန် ဖြစ်ပါတယ်။

ဒါပေမဲ့ ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ပြီးနောက်မှာ ဥရောပ အနေနဲ့ သူတို့ရဲ့ ကာကွယ်ရေးအတွက် အမေရိကန်ကို ဘယ်လောက်ထိ အားကိုးလို့ရမလဲဆိုတာနဲ့ ပတ်သက်လို့ မသေချာ မရေရာ ဖြစ်လာပါတယ်။

အထူးသဖြင့် ဒေါ်နယ်ထရန့် သမ္မတ ဖြစ်လာမယ့် အချိန်ကို ဥရောပက စိုးရိမ်နေပြီး ကိုယ်ပိုင်ကာကွယ်ရေးမှာ ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.