လန်ဒန်၊ ဇူလိုင် ၁၉

အမေရိကန်သမ္မတ အဖြစ် ဒေါ်နယ်ထရန့် ရွေးကောက်ခံရရင် သူ့နဲ့ အလုပ်တွဲလုပ်ရတာ ခက်ခဲမှာဖြစ်ပေမယ့် မိမိတို့ဟာ အလုပ်ကြိုးစားသူတွေ ဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြား လိုက်ပါတယ်။

လန်ဒန်မြို့မှာ ဘီဘီစီနဲ့ ပြုလုပ်ခဲ့တဲ့ အထူးတွေ့ဆုံမေးမြန်းမှု တစ်ခုမှာ သမ္မတ ဇီလန်စကီးက အမေရိကန်မှာ ဘယ်သူပဲ သမ္မတ ဖြစ်လာပါစေ လက်တွဲ အလုပ်လုပ်သွားမယ်လို့ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် အိုဟိုင်းယိုး လွှတ်တော် အမတ် ဂျေဒီ ဗန့်စ်ဟာ မိမိရဲ့ ရွေးကောက်ပွဲ လက်တွဲဖော် ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ရီပါဘလစ်ကန်သမ္မတလောင်း ထရန့်က ကြေညာခဲ့ပါတယ်။

အသက် ၃၉ နှစ်အရွယ် ဂျေဒီ ဗန့်စ်က ယူကရိန်း ဘာဖြစ်ဖြစ် သူ့အနေနဲ့ ဂရုမစိုက်ဘူးလို့ ပြောဆိုခဲ့ဖူးပါတယ်။

နိုဝင်ဘာလ ရွေးကောက်ပွဲမှာ သမ္မတဟောင်း ထရန့် အနိုင်ရပြီး အိမ်ဖြူတော်ကို ရောက်လာရင် ယူကရိန်းအတွက် အမေရိကန်ပေးထားတဲ့ ကတိတွေ ပျောက်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။

သမ္မတ ဇီလန်စကီးဟာ ဥရောပ နိုင်ငံရေး အသိုင်းအဝိုင်း အစည်းအဝေး တက်ရောက်ရေး ဗြိတိန်သို့ ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက သမ္မတ ဇီလန်စကီးနဲ့ တွေ့ဆုံချိန်မှာ အချိန် ဘယ်လောက်ပဲ ကြာကြာ ယူကရိန်းနဲ့အတူ ရပ်တည်သွားမှာ ဖြစ်ပြီး ယူကရိန်းအတွက် စစ်ရေးအကူအညီ စတာလင်ပေါင် ၃ သန်း ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

သမ္မတ ဇီလန်စကီးဟာ ဗြိတိန်နဲ့ ပေါင် ၃ ဒဿမ ၅ ဘီလီယံ တန်ဖိုးရှိ ကာကွယ်ရေးထုတ်ကုန် တင်ပို့ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ သဘောတူညီမှု တစ်ရပ်ကို လက်မှတ်ရေးထိုးဖို့ ရှိနေပါတယ်။

ထရန့်က နေတိုး အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ကာကွယ်ရေးအတွက် အသုံးစရိတ် တိုးမြှင့်မပေးပါက ရုရှားတို့က တိုက်ခိုက်ရင်လည်း တိုက်ပါစေလို့ ပြောဆိုခဲ့ဖူးပါတယ်။

နောက်ပြီး ထရန့်က ထိုင်ဝမ် အနေနဲ့ သူတို့ရဲ့ ကာကွယ်ရေးအတွက် သူတို့ ကိုယ်တိုင် ငွေပေးရမယ်လို့ ဆိုထားပြန်ပါတယ်။

ဒါကြောင့် ထရန့်သာ သမ္မတ ဖြစ်လာရင် အမေရိကန်က ယူကရိန်းကို ပေးထားတဲ့ ကတိတွေ ပျက်ပြယ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.