ကျိုက်မရော၊ ဇူလိုင် ၂၀

မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်အစပ်ဖြစ်တဲ့ ဂျိုင်းမြစ်တောင်ဘက် ရမ္မာဝတီကားလမ်းပေါ်ရှိ ကျေး ရွာတွေမှာ စစ်ကောင်စီဘက်က တပ်အင်အားတိုးမြှင့်ထားပြီး စစ်ရေးပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

စစ်ကေင်စီတပ်ဟာ ဇူလိုင်ဒုတိယအပတ်ကစပြီး ရမ္မာဝတီကားလမ်းတစ်လျှောက်ရှိ ကော့သပ်၊ ကော့စွယ်၊ တရနာ၊ သံကလောင်၊ ဓမ္မသ၊ ကော့ဘိန်းစတဲ့ ကျေးရွာတွေနဲ့ စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးတိုးမြှင့်တာ၊ တပ်ဖွဲ့ဝင်အင်အား ထပ်တိုးတာတွေ လုပ်ဆောင်နေတာပါ။

ပြီးခဲ့တဲ့ မတ်လနောက်ဆုံးအပတ်စကပြီး ဂျိုင်းမြစ်ဒေသကို ပြန်လည်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်ဟာ နယ်မြေစိုးမိုးရေးအတွက် အရင်ကတည်းက တပ်အင်အား ၃၀၀ ထက်မနည်း ချထားခဲ့တာ ဖြစ်ပြီး အခုအခါမှာတော့ တပ်အင်အားရာနဲ့ချီ ထပ်တိုးလာတာပါ။

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD ပြောခွင့်ရ နိုင်ဗညားမွန်က စစ်ကောင်စီရဲ့ တပ်အင်အားတိုးမြှင့်မှုဟာ ဖြစ်လာနိုင်တဲ့ စစ်ဆင်ရေးတွေအတွက် ကြိုတင်ပြင်ဆင်တာ ဖြစ်နိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စကစအဖွဲ့တွေဘက်က ကော့ဘိန်းတိုက်ပွဲပြီးနောက်ပိုင်း အဲဒီလမ်းပိုင်းမှာ ဂိတ်တွေဖွင့်လာတာ၊ နေရာယူလာတာတွေတော့ တွေ့ရတယ်။ ဘာကြောင့်အခုလိုလုပ်လဲဆိုတာက သူတို့စစ်ရေးမျှော် မှန်းချက် ဘယ်လိုရှိလဲဆိုတာ မသိရတော့ ပြောရခက်တယ်။ ကြိုကာတဲ့သဘောလည်း ဖြစ်ချင်ဖြစ်နိုင်တယ်”လို့ ဆိုပါတယ်။

ဂျိုင်းမြစ်ဒေသဟာ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ကို လုံခြုံ‌ရေး၊ ကာကွယ်ရေးနဲ့ စစ်ရေးဆိုင်ရာ ကြီးကြပ်ကွပ်ကဲမှုတွေ လုပ်ဆောင်ရတဲ့ မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ် ဌာနချုပ်ကို စစ်ရေးအရ ခြိမ်းခြောက်နိုင်ဖို့ ရှေ့တန်းစစ်မျက်နှာဖြစ်နေတယ်လို့ သုံးသပ်မှုတွေ ရှိနေတာပါ။

ဒါကြောင့် စစ်ကောင်စီဟာ လက်နက်ကိုင်တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ဓမ္မသကျေးရွာကနေတဆင့် တရနာကိုဖြတ်ပြီး ခရုံဂူလမ်းဝကနေ မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို ဝင်ရောက်မလာနိုင်ဖို့ တားဆီးပိတ်ဆို့မှုဖြစ်တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

ရမ္မာဝတီကားလမ်းတလျှောက်က ကျေးရွာတွေမှာ စစ်ကောင်စီဘက်က တပ်အင်အားတွေ ထပ်တိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာမှာကို ဒေသခံပြည်သူတွေအကြား စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

ရမ္မာဝတီလမ်းတစ်လျှောက်မှာ စစ်ကောင်စီဘက်က အင်အားတိုးလာတာတွေ ရှိတာနဲ့ပတ်သက်ပြီး တိုက်ပွဲတွေ ထပ်ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

မတ် ၂၄ ရက်နေ့ကစတင်ခဲ့တဲ့ ဂျိုင်းမြစ်ဝှမ်းဒေသက လက်နက်ကိုင်တိုက်ပွဲဟာ မွန်ဒေသမှာ ကြုံ တွေ့ ခံစားခဲ့ရတဲ့ စစ်ဒဏ်တွေထဲမှာ အပြင်းထန်ဆုံး စစ်ဒဏ်သင့်မှုကြောင့် အိမ်ခြေ ၄၀၀ ကျော် မီး လောင်ပျက်စီးခဲ့ရကာ အရပ်သားပြည်သူ ငါးသောင်းနီးပါး စစ်ဘေးသင့်ခဲ့ရတယ်လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.