ကော့ကရိတ်၊ ဇူလိုင် ၂၀

ကရင်ပြည်နယ် ကော့ကရိတ်မြောက်ပိုင်းဒေသရှိ ကျေးရွာတွေထဲမှာ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုတွေ ဆက်လက်ရှိနေတဲ့အတွက် တော်လှန်ရေးအင်အားစုအဖွဲ့တွေနဲ့ စစ်ရေးပိုမိုတင်းမာနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ကော့ကရိတ်မြို့ကို ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ပြီးတဲ့နောက် ကော့ကရိတ်မြို့ မြောက်ပိုင်းက ဒေါနတောင်ပေါ်လမ်းဟောင်းနေရာနဲ့ မြပတိုင်ကျေးနယ်တွေထဲမှာ စစ်ရေးဝင်ရောက်လှုပ်ရှားမှုရှိလာခဲ့တာပါ။

အခုလ ဇူလိုင်လအတွင်းမှာလည်း စစ်ကောင်စီဘက်က တပ်အင်အားတွေ ထပ်မံဖြည့်ဆည်းလာနေတဲ့အတွက် ကော့ကရိတ်မြောက်ပိုင်းဂွင်မှာ စစ်ရေးတိုက်ပွဲတွေ မကြာခဏဖြစ်ပွားလျက်ရှိနေတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုအဖွဲ့နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုရှိခဲ့သလို စစ်ကောင်စီတပ်က ကျေးရွာတွေထဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ နေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးတာတွေ ရှိနေတာပါ။

ဒါ့အပြင် ကျေးရွာတွေထဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာအချို့က ဒေ သခံပြည်သူအားလုံးနီးပါး ဘေးလွတ်ရာနေရာတွေ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ကော့ကရိတ်မြောက်ပိုင်းဂွင်ထဲကို နဘူး၊ ကျုံဒိုး၊ ကော့ကရိတ်မြို့တပ်ကနေတစ်ဆင့် တပ်အင်အားဖြည့်ဆည်းမှုတွေ လုပ်ဆောင်နေပြီး ကျုံဒိုး-နဘူးလမ်းပိုင်းနဲ့ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကိုလည်း လုံခြုံရေးတွေ တိုးမြှင့်ချထားလျက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ် ။

အဲဒီလမ်းပိုင်းတွေအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေတဲ့အ တွက် ခရီးသွားလာတဲ့ ပြည်သူတွေအနေနဲ့ သတိပြုသွားလာနေကြဖို့ ဒေသခံတွေက အသိပေးပြောဆိုထားပါတယ်။

မြဝတီမြို့ ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက အောင်ဇေယျလို့အမည်ပေးထားတဲ့ နိုင်ငံတော်အဆင့် စစ်ဆင်ရေးကို ပြီးခဲ့တဲ့ ဧပြီလကတည်းက စတင်လုပ်ဆောင်ခဲ့ပေမယ့် ၃ လကျော်ကြာတဲ့အထိ အာရှလမ်းတောနော်ရေတံခွန်အကျော်နဲ့ ကော့ကရိတ်မြို့မြောက်ဘက် နေရာတွေမှာသာ ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.