ဘန်ကောက်၊ ဇူလိုင် ၁၈

လွှတ်တော်ထဲမှာ အကြီးဆုံးပါတီနဲ့ အတိုက်အခံအုပ်စုဖြစ်တဲ့ Move Forward ပါတီ ဖျက်သိမ်းရေး တောင်းဆိုထားတဲ့ အမှုအတွက် သြဂုတ် ၇ ရက်မှာ ဆုံးဖြတ်ချက်ချသွားမယ်လို့ ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက ဇူလိုင် ၁၇ ရက်မှာ ပြောကြားခဲ့ပါတယ်။

သြဇာကြီးမားတဲ့ ဘုရင့်နန်းတော်ကို မဝေဖန်ရဆိုပြီး တားမြစ်ထားတဲ့ ဥပဒေကို ပြင်ဆင်ရေး ကြိုးပမ်းမှုနဲ့ ပတ်သက်လို့ Move Forward ပါတီ ဖျက်သိမ်းရေး ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တောင်းဆိုမှုကနေ ဒီအမှု ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီဥပဒေ ပြင်ဆင်ရေး အစီအစဉ်ကို Move Forward ပါတီက တရားရုံးရဲ့ ညွှန်ကြားချက်အရ အခုနှစ် စောစောပိုင်းက ရုတ်သိမ်းခဲ့ပြီး ဖြစ်ပါတယ်။

Move Forward ပါတီက သူတို့အနေနဲ့ အမှားအယွင်း တစ်ခုမှ မလုပ်ခဲ့ဘူးလို့ ပြောဆိုထားပါတယ်။ အဲဒီအမှုနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်ချမှတ်ရေး လုံလောက်တဲ့ အထောက်အထားရှိတယ်လို့ တရားရုံးက မှတ်ယူထားကြောင်း ရုံးတော်ရဲ့ ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။

ဘုရင့်နန်းတော် စော်ကားမှု ဆိုင်ရာ ဥပဒေ ပြင်ဆင်ရေး Move Forward ပါတီရဲ့ ကြိုးပမ်းမှုဟာ ထိုင်းနန်းတော် ကို အင်အားလျော့သွားအောင် လုပ်ဆောင်မှု ဖြစ်တယ်လို့ တရားရုံးက အရင်က ဆုံးဖြတ်ထားပါတယ်။

အဲဒီ အစီအစဉ်ကို ရပ်တန့်လိုက်ဖို့ တရားရုံးက Move Forward ပါတီကို ညွှန်ကြားခဲ့ပြီး နောက်ထပ် အပြစ်ပေးဖို့ တောင်းဆိုတာမျိုး မရှိခဲ့ပါဘူး။

ပါတီ ခေါင်းဆောင် ချိုင်သာဝတ်ကတော့ ဥပဒေအရ ယုံယုံကြည်ကြည်နဲ့ ခုခံချေပသွားမှာ ဖြစ်ကြောင်း မိမိတို့ လုပ်ရပ်ဟာ အုပ်ချုပ်မှုစနစ် အားလျော့အောင် လုပ်ဆောင်ခဲ့တာ မဟုတ်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Move Forward ပါတီဟာ သူတို့ရဲ့ တိုးတက်ရေး လမ်းစဉ်နဲ့ အတူ မြို့ပြဒေသနဲ့ လူငယ်ထုရဲ့ ထောက်ခံမှုနဲ့ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ အံ့သြစရာကောင်းလောက်အောင် အောင်ပွဲကြီး ရရှိခဲ့ပါတယ်။

ဘုရင့်နန်းတော် စော်ကားမှုဆိုင်ရာ ဥပဒေအရ ကျူးလွန်သူကို ထောင် ၁၅ နှစ်အထိ ချမှတ်နိုင်ပြီး ပြီးခဲ့တဲ့ နှစ်အနည်းငယ်က လူ ၂၆၀ ထက်မနည်း အဲဒီဥပဒေနဲ့ပဲ အရေးယူခံခဲ့ရပါတယ်။

ရှေးရိုးစွဲ နိုင်ငံရေးသမားတွေက သဘောထား အလယ်အလတ်ရှိသူတွေကို ဘေးဖယ်ထားရေးနဲ့ သူတို့ရဲ့ အသံတွေ သေးနုတ်သွားအောင် ဒီဥပဒေကို အသုံးချနေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ဒီအမှုကြောင့်ထိုင်းနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ် ဖြစ်လာနိုင်တယ်လို့လည်း ဆိုကြပါတယ်။

Move Forward ပါတီရဲ့ အရင်ပါတီ Future Forward ပါတီကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ချက်ကြောင့် ၂၀၂၀ ပြည့်နှစ်မှာ နိုင်ငံတဝန်းက လူငယ်တွေဦးဆောင်ပြီး အစိုးရကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.