ရန်ကုန် ၊ ဇူလိုင် ၁၉

နိုင်ငံ့အာဏာကို စစ်ကောင်စီက မတရားသိမ်းယူထားတဲ့ သုံးနှစ်ခွဲအတွင်း နိုင်ငံတဝန်းရှိ အကျဉ်း ထောင်အသီးသီးမှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ပါတီဝင် ၁၅၀၀ ကျော်ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ထုတ်ပြန်ပါတယ်။

လတ်တလောမှာ အကျဉ်းထောင်တွေအတွင်း ပုဒ်မအမျိုးမျိုးတပ်ကာ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အခြားအကျဉ်းသား၊ အကျဉ်းသူတွေအပေါ် ထောင်အာဏာပိုင်တွေက မတရားညှဉ်း ပန်းနှိပ်စက်မှုတွေ ပြုလုပ်နေတယ်လို့ NLD က ဆိုပါတယ်။

အဲဒီအပေါ် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူတွေက သက်ဆိုင်ရာ ထောင်အာဏာပိုင်တွေထံ တ ရားမျှတမှုရရှိရေး တင်ပြတောင်းဆိုမှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမယ့် မှန်ကန်စွာအရေးယူ‌ပေးခြင်း မရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် တင်ပြသူတွေကို ကျူးလွန်သူတွေကပင် အငြိုးအတေးထားကာ ပြင်းထန်စွာ ဝိုင်းဝန်းရိုက်နှက်တာ တိုက်ပိတ်ဒေါက်ခတ်အရေးယူတာ ထောင်ပြောင်းရွှေ့တာ‌တွေ ပြုလုပ်ခဲ့တယ်လို့ NLD ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ထောင်ပြောင်းတဲ့ကိစ္စနဲ့ ထောင်ပြင်ထုတ်ကာ အသတ်ခံရသူ ၃၀ ဦး၊ ထောင်တွင်းရိုက်နှက်ခံရမှုကြောင့် သေဆုံးသူ ၁၇ ဦး၊ ထောင်ကထုတ်ပြီး ထပ်မံစစ်ကြောရေးစဉ် အသတ်ခံရသူ ၄ ဦးနဲ့ ဆေး ကုသမှုမလုံလောက်ခြင်းကြောင့် သေဆုံးသူ ၂၅ ဦး ရှိခဲ့ပါတယ်။

အဲဒီသေဆုံးမှုတွေထဲမှာ NLD ပါတီဝင် ၁၁ ဦးလည်း ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားနဲ့ အခြားအကျဉ်းသားတွေအပေါ် စစ်ကောင်စီရဲ့ မတရားဖိနှိပ်ညှဉ်းပန်းမှုတွေကို ရည်ရွယ်ချက်ရှိရှိ လုပ် ဆောင်နေတာတယ်လို့ NLD ပါတီက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.