ရေး၊ ဇူလိုင် ၁၉

မွန်ပြည်နယ် ရေးမြို့နယ်အတွင်းမှာ ရေလုပ်သားတွေအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်တာ၊ နှိပ် စက်မှုရှိနေတဲ့ ရေလုပ်ငန်းရှင်တွေနဲ့ စာရင်းဒိုင်တွေကို အရေးယူသွားမယ်လို့ တပင်ရွှေထီးစစ် ကြောင်းက သတိပေးထုတ်ပြန်ထားပါတယ်။

ရေလုပ်ငန်းရှင်နဲ့စာရင်းဒိုင်၊ ဖောင်ဦးစီးတချို့ဟာ ဖောင်လုပ်သားတွေနဲ့ရေလုပ်သားတွေအပေါ် ရိုက်နှက်တာ၊ နှိပ်စက်တာ၊ လူသတ်အလောင်းဖျောက်တာတွေအထိ ကျူးလွန်နေကြသလို လုပ်အားခခေါင်းပုံဖြတ်တာ၊ အလုပ်ချိန်မတရားခိုင်းစေတာတွေ ရှိနေတာလို့ ဆိုပါတယ်။

ရေလုပ်သားတွေ ခေါင်းပုံဖြတ်နှိပ်စက်ခံရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး နာမည်စာရင်းနဲ့တကွ တိုင်ကြားမှုတွေရှိနေတဲ့အတွက် ရေလုပ်ငန်းရှင်တွေအနေနဲ့ နောက်ထပ်မကျူးလွန်ဖို့ သတိပေးရတာလို့ တပင်ရွှေထီးစစ်ကြောင်း တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အခုလို အတန်တန်သတိပေးထားတဲ့ကြားမှ ရေလုပ်ငန်းရှင်၊ စာရင်းဒိုင်တွေနဲ့ဖောင်ဦးစီးတွေဘက်က အဲဒီပြစ်မှုတွေကို ဆက်လက်ကျူးလွန်နေမယ်ဆိုရင် ကြီးလေးတဲ့ ပြစ်ဒဏ်တွေနဲ့ ထိရောက်စွာ အရေးယူသွားမယ်လို့ ဆိုပါတယ်။

ရေးမြို့နယ်ထဲက ဇီးဖြူသောင်၊ အစင်ကျေးရွာ၊ကုလားဂုတ်ကျွန်းအပါအဝင် ရေလုပ်ငန်းလုပ်ကိုင်တဲ့ကျေးရွာတွေမှာ ရွှေ့ပြောင်းလုပ်သား ရေလုပ်သားအများအပြားရှိနေပြီး မကြာခဏဆိုသလို ရေ လုပ်သားတွေဟာ လက်သည်မပေါ်ဘဲ သတ်ဖြတ်အလောင်း စွန့်ပစ်ခံရတာတွေ ရှိနေတယ်လို့ ဒေ သခံတွေထံကနေ သိရပါတယ်။

ဒါ့အပြင် ပင်လယ်ထဲက ကျားဖောင်တွေပေါ်မှာလည်း နှစ်ချီနေအိမ်မပြန်ရဘဲ အဓမ္မအလုပ်ခိုင်းစေခံနေရတာတွေရှိနေပြီး လုပ်အားခခေါင်းပုံဖြတ်ခံရတာအပါအဝင် အလုပ်သမားအခွင့်အရေးတွေနဲ့ လူ့အခွင့်အရေးတွေပါ ချိုးဖောက်ခံနေရပါတယ်။

တချို့ရွေ့ပြောင်းလုပ်သားတွေဟာ လူလိမ်ပွဲစားတွေကနေတဆင့် အလုပ်ပေးမယ်ဆိုကာ ကျားဖောင်လုပ်ငန်းတွေဆီ ရောင်းစားခံရပြီး လုပ်အားခမရကြသလို လူကုန်ကူးခံရတဲ့ ဖြစ်စဉ်တွေလည်း ဒုနဲ့ဒေးရှိနေတာ ဖြစ်ပါတယ်။

ရေးမြို့နယ်ထဲမှာ ကမ်းနီးကမ်းဝေးလုပ်ကိုင်နေကြတဲ့ တရားဝင် ငါးဖမ်းလှေပေါင်းနဲ့ကျားဖောင် ၁၀၀၀ ကျော်သာရှိပေမယ့် တရားမဝင်လုပ်ကိုင်နေတဲ့ လှေနဲ့ကျားဖောင် တစ်သောင်းဝန်းကျင်အထိ ရှိနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.