ဒါကာ၊ ဇူလိုင် ၁၈

ဘင်္ဂလားဒေ့ချ်နိုင်ငံမှာ အစိုးရ အလုပ်အကိုင်တွေအတွက် အချိုးကျစနစ်ကို ကန့်ကွက်တဲ့ ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲဟာ အခုသီတင်းပတ်အတွင်းမှာပဲ ပဋိပက္ခအဖြစ် ပြောင်းလဲသွားရာကနေ လူ ၆ ဦး သေဆုံးခဲ့ရပြီးနောက် အစိုးရနဲ့ ပုဂ္ဂလိက တက္ကသိုလ်တွေ အားလုံးကို ဇူလိုင် ၁၇ ရက်ကစပြီး အကန့်အသတ် မရှိ ပိတ်ထားမှာ ဖြစ်ကြောင်း အစိုးရက ကြေညာထားပါတယ်။

ပါကစ္စတန်ဆီက လွတ်လပ်ရေး ရရှိရေး ၁၉၇၁ ခုနှစ်တုန်းက စစ်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့သူတွေရဲ့ မိသားစုဝင်တွေအတွက် အစိုးရ အလုပ်အကိုင် ၃၀ ရာခိုင်နှုန်းကို ချန်လှပ်ထားမှု အပါအဝင် အလုပ်အကိုင် အချိုးကျ ခွဲဝေရေးစနစ်ကြောင့် ဘင်္ဂလားဒေ့ချ်မှာ ကြီးမားတဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တာပါ။

လူဦးရေ သန်း ၁၇၀ ရှိတဲ့ ဘင်္ဂလားဒေ့ချ်မှာ လူငယ် ၃၂ သန်းဟာ အလုပ်လက်မဲ့ ဒါမှမဟုတ် ပညာမသင်ရ ဖြစ်နေချိန် ဒီလိုမျိုး အချိုးကျစနစ်ကြောင့် အထူးသဖြင့် လူငယ်တွေ ဒေါသထွက်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုတွေကို လိုက်လျောပေးဖို့ ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာက ငြင်းပယ်လိုက်ပြီးနောက် ဆန္ဒပြပွဲတွေ ပိုမို ပြင်းထန်လာတာလည်းဖြစ်ပါတယ်။

ဒီအချိုးကျစနစ် ဆန့်ကျင်သူတွေကို ဝန်ကြီးချုပ်က လွတ်လပ်ရေး တိုက်ပွဲအတွင်း ပါကစ္စတန်နဲ့ လက်တွဲခဲ့သူတွေလို့ ခိုင်းနှိုင်း ပြောဆိုခဲ့ပါတယ်။

နိုင်ငံတဝန်းရှိ အာဏာရ အဝါမီလိဂ် ပါတီရဲ့ လူငယ် အဖွဲ့ဝင်တွေနဲ့ အချိုးကျစနစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး လူ ၆ ဦး သေဆုံးခဲ့ရသလို ဒဏ်ရာရသူ အများအပြား ရှိခဲ့ပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေရဲ့ ဘေးကင်းရေးကို အာမခံရေးနဲ့ ဒဏ်ရာရသူတွေကို ကောင်းမွန်စွာ ကုသပေးရေး ဘင်္ဂလားဒေ့ချ် အစိုးရကို တိုက်တွန်းကြောင်း ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။

တရားဥပဒေ ထိန်းသိမ်းရေးအတွက် နိုင်ငံတဝန်းရှိ တက္ကသိုလ်တွေမှာ အာဏာပိုင်တွေက နယ်ခြားစောင့်တပ်အပြင် အဓိကရုဏ်း နှိမ်နှင်းရေး တပ်တွေပါ ချထားပါတယ်။

အထက်တန်းကျောင်းတွေ၊ ကောလိပ်တွေနဲ့ အခြား ပညာရေးအဖွဲ့အစည်းတွေကိုလည်း ပိတ်ထားပြီး တက္ကသိုလ်ပရဝုဏ်တွေထဲက ကျောင်းသားတွေ အားလုံး ထွက်ခွာသွားဖို့လည်း အစိုးရက ညွှန်ကြား ထားပါတယ်။

လက်ရှိမှာ ဘင်္ဂလားဒေ့ချ်အစိုးရ အလုပ်အကိုင် ၅၆ ရာခိုင်နှုန်းအတွက် အချိုးအစား သတ်မှတ်မှု အမျိုးမျိုး ရှိနေပါတယ်။

ဒီအထဲမှာ ၁၀ ရာခိုင်နှုန်းကို အမျိုးသမီးတွေ၊ နောက်ထပ် ၁၀ ရာခိုင်နှုန်းကို ဖွံ့ဖြိုးမှုအားနည်းတဲ့ဒေသက လူတွေ၊ နောက်ထပ် ၅ ရာခိုင်နှုန်းကို ရှေးဟောင်း တိုင်းရင်းလူမျိုးတွေနဲ့ ၁ ရာခိုင်နှုန်းကို မသန်စွမ်းသူတွေအတွက်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.