မကွေး၊ ဇူလိုင် ၁၈

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်ရှိ ကျောက်ထုအမြောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အနီးနားရှိ ကျေးရွာသား ဒေသခံတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီကျောက်ထုအမြောက်တပ်ကနေ ဇူလိုင် ၁၇ ရက်၊ ညပိုင်းမှာ ၁၂၀ မမ လက်နက်ကြီးကို အသုံးပြုပြီး တစ်ကြိမ်ကို သုံးလုံးနှုန်းနဲ့ အနောက်တောင်၊ အနောက်၊ အနောက်မြောက်ဘက်တွေကို ၁၇ ချက်ခန့် ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

“အမှန်တော့ ဒီကြန်တောတို့၊ ကံကြီးတို့ဆိုတာ စစ်ရှောင်နေရတဲ့ကျေးရွာတွေပေါ့။ ဒါပေမဲ့ လက်ရှိမှာကောက်စိုက်၊ စပါးစိုက်ချိန်ဆိုတော့တောင်သူတွေဆိုတော့ လာလုပ်နေကြတာမျိူးပေါ့။ ညဘက်တွေဆိုရင်အပေါ်ထပ်မှာအိပ်တာမျိုးမဟုတ်ဘဲနဲ့ အောက်ထပ်လက်နက်ကြီးဒဏ်ခံနိုင်တဲ့နေရာမျိုးတွေမှာ အိပ်ဖို့ ပြောချင်ပါတယ်” လို့ ယောအလင်းတန်းမှ ကိုအောင်ကြီးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီရဲ့ ၁၂၀ မမ လက်နက်ကြီးဟာ ကြန်တောရွာအတွင်းကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဦးသိန်းဝင်း၊ ဦးဝင်းအောင်နဲ့ ဒေါ်ခင်သန်းအေးတို့ သုံးဦးဒဏ်ရာရပြီး ဦးဝင်းအောင်ကို ဆေးရုံကို ပို့ဆောင်တဲ့အချိန်မှာပဲ သေဆုံးသွားတယ်လို့သိရပါတယ်။

ကျောက်ထုအမြောက်တပ်ကနေ ဇူလိုင် ၁၅ ရက်ကစပြီးသုံးရက်ဆက်တိုက်လက်နက်ကြီးနဲ့ ပစ်နေတာဖြစ်ပြီး ဇူလိုင် ၁၆ ရက်မှာလည်း တင့်ကားနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ပန်းဆန်ရွာ စာသင်ကျောင်းအတွင်း ကျည်ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ အဲဒီလို ပေါက်ကွဲမှုကြောင့် နွားတစ်ကောင်သေဆုံးခဲ့ပြီး စာသင်ကျောင်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ကျောက်ထုအမြောက်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ သေဆုံးသူ ၁၀ ဦးဝန်းကျင်ရှိလာကာ ၂၀၂၄ ခုနှစ်အတွင်းမှာတင် CDM ဆရာမတစ်ဦးနဲ့ ကလေးငယ်တို့ သေဆုံးခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်မှာလည်း ဂန့်ဂေါမြို့နယ် ခ.လ.ရ ၅၀ ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် လာပို့ရွာသား ၂ ဦးသေဆုံးပြီး ၁၄ ဦးထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.