ကျောက်မဲ၊ ဇူလိုင် ၁၈

ရှမ်းပြည်နယ် ကျောက်မဲနဲ့ လားရှိုးမြို့နယ်တွေမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မိသားစုဝင်သုံးဦးအပါအဝင် အရပ်သားခြောက်ဦး သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဇူလိုင် ၁၇ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့က ကျောက်မဲမြို့ ခိုမုန်းသစ်စက်ဝန်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျရောက်တာကြောင့် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦး ပွဲချင်းပြီး သေ ဆုံးခဲ့သလို ရပ်ကွက် ၈ မှာလည်း ကားသုံးစီး မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ လားရှိုးမြို့ ရပ်ကွက် ၁ မှာလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မိသားစုဝင်သုံးဦး သေဆုံးခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

TNLA က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လေးရက်အကြာ တစ်ဖက်သတ် အပစ်ရပ်ကြေညာထားပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် သုံးရက်အတွင်းအရပ်သား ကိုးဦးသေဆုံးခဲ့ပြီး ကိုးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇွန် ၂၅ ရက်နေ့က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲအဖြစ် ရှမ်းမြောက်နဲ့ မန္တလေး တိုင်းက မြို့ နယ်တွေမှာ တအာင်းတပ်မတော် TNLA နဲ့ ပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးရဲ့ တိုက်ပွဲကာလ ရက်၂၀ ကျော်ကာလအတွင်း သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ ရှမ်းမြောက်နဲ့ မန္တလေးတိုင်းက မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၇၈ ဦး သေဆုံးခဲ့ပြီး ၁၃၇ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.