ကျိုက်ထို၊ ဇူလိုင် ၁၈

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပိန္နဲကုန်းနဲ့ကျောက်ပုံကြီးကျေးရွာတို့မှာ ဒီနေ့ ဇူလိုင် ၁၈ ရက်နေ့ မနက်ကစပြီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့ထံက သိရပါတယ်။

အင်အား ၁၃၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ အုပ်ချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်ထဲ စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာပါ။

အဲဒီတိုက်ပွဲအတွင်း သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၃၁၀ အမြောက်တပ်ကနေ လက် နက်ကြီး ပစ်ကူပေးနေပြီး လက်ရှိအချိန်အထိ နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ် မသိရသေးပါဘူး။

နှစ်ဖက်တိုက်ပွဲကြောင့် ပိန္နဲကုန်း၊ ကျောက်ပုံကြီး၊ မဲရုံလေးအပါအဝင် ကျေးရွာ လေးရွာထက်မနည်းက ဒေသခံပြည်သူတွေ ဘေးလွတ်ရာ နေရာတွေကို အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ လမ်းမှာတွေ့တဲ့ ဒေသခံ ၅ ဦးကို လမ်းပြ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်နေ့ကလည်း ပိန္နဲကုန်းကျေးရွာထဲ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုရဲ့ ထုတ်ပြချက်အရ KNU တပ်မဟာ ၁ အုပ်ချုပ်နယ်မြေ သထုံခရိုင်ထဲမှာ အခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ခြောက်လအတွင်း နှစ်ဖက်တိုက်ပွဲ ၁၇၇ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.