သံဖြူဇရပ်၊ ဇူလိုင် ၁၆

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့ တောင်ညိုစစ် ကြောင်းထံကနေ သိရပါတယ်။

ဇူလိုင် ၁၅ ရက်နေ့ နေ့လည် ၁ နာရီအချိန်မှာ တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးလာတာကြောင့် အချိန် မိနစ် ၂၀ နီးပါးကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲမဖြစ်ခင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် သတင်း စုံစမ်းဖို့သွားတဲ့ တောင်ညိုစစ်ကြောင်း ရဲဘော်တစ်ဦးနဲ့ သတင်းပေးအမျိုးသားတစ်ဦး ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံလိုက်ရပါတယ်။

အဲဒီနောက် စစ်ကြောင်းထပ်ထိုးလာတဲ့အတွက် တောင်ညိုစစ်ကြောင်းပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကသုံးဦးသေဆုံးကာ ငါးဦးဒဏ်ရာရရှိခဲ့တယ်လို့ တောင်ညိုစစ်ကြောင်း တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

တိုက်ပွဲပြီးနောက် စစ်ကောင်စီစစ်ကြောင်းဟာ စခန်းကြီးနဲ့ သက္ကောကျေးရွာဘက်တွေမှာ ဆက် လက်လှုပ်ရှားနေတဲ့အတွက် ဒေသခံပြည်သူတချို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

စစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတဲ့ ရဲဘော်တစ်ဦးနဲ့ သတင်းပေး အမျိုးသားတစ်ဦး အလောင်းကိုတော့ ညနေပိုင်းမှာ ဒေသခံပြည်သူတချို့ လာရောက်ကောက်ယူပေးသွားတယ်လို့ သိရပါတယ်။

စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာတော့ အဲဒီတိုက်ပွဲအတွင်း PDF ရဲဘော်နှစ်ဦး သေဆုံးပြီး သူတို့ဘက်က ထိခိုက်သေဆုံးတာမရှိဘူးလို့ ဝါဒဖြန့်ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။

သံဖြူဇရပ်မြို့နယ်မှာတော့ စစ်ကောင်စီတပ်ဟာ အခုလဆန်းပိုင်းကစပြီး နယ်မြေရှင်းလင်းရေး ခေါင်းစဉ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ရာ ဒေသတချို့ကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-တောင်ညိုစစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.