မီယာမီ၊ ဇူလိုင် ၁၆

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရန့်ဟာ ထိပ်တန်း လျှို့ဝှက်စာရွက်စာတမ်းတွေကို တလွဲ ကိုင်တွယ်ခဲ့တယ်လို့ စွဲချက်တင်ထားတဲ့ အမှုကို သူခန့်ထားခဲ့တဲ့ ဖလော်ရီဒါ တရားသူကြီး တစ်ဦးက ပယ်ချလိုက်ပါတယ်။

အဲဒီတရားသူကြီးက အထူးအကြံပေး ဂျက်စမစ်ကို ခန့်အပ်ထားတဲ့ ပုံစံဟာ သင့်တော်မှု မရှိဘူးလို့ ပြောပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ သမ္မတဟောင်း ထရန့်အတွက် ကြီးမားတဲ့ အောင်ပွဲ ဖြစ်ပြီး သူဟာ အိမ်ဖြူတော်က ထွက်သွားပြီးနောက် ထိပ်တန်း လျှို့ဝှက် စာရွက်စာတမ်းတွေကို ဆက်လက် ထိန်းသိမ်းထားပြီး အမျိုးသား လုံခြုံရေး အန္တရာယ် ကျရောက်စေတယ်လို့ စွပ်စွဲခံခဲ့ရတာ ဖြစ်ပါတယ်။

သမ္မတဟောင်းမှာ ပြစ်ဒဏ် ကင်းလွတ်ခွင့် ရှိတယ်ဆိုတဲ့ နိုင်ငံတော် တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် လေ့လာချိန်ရရေး ထရန့်ရဲ့ ရှေ့နေတွေက အမှု ဆက်လက် လိုက်ပါ ဆောင်ရွက်ခွင့်ရှိကြောင်း စောဒက တက်ခဲ့ပြီးနောက် တရားသူကြီး အီလီယန် ကန်နွန်က အဲဒီအမှုကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။

ဖလော်ရီဒါ ပြည်နယ်မှာ စွဲချက်တင်ခံထားရတဲ့ အမှုမှာ သမ္မတဟောင်းထရန့်ဟာ နိုင်ငံတော် ကာကွယ်ရေး အချက်အလက်တွေကို ရည်ရွယ်ချက်ရှိရှိ ထိန်းသိမ်းထားတယ်လို့ စွပ်စွဲခံထားရတာကြောင့် ပြစ်မှု ထင်ရှားရင် ထောင် ၁၀ နှစ် အထိ ချမှတ်ခံရနိုင်ပါတယ်။

သူဟာ တရားရေးဌာနကို တားဆီးပိတ်ဆို့ရေး ပူးပေါင်းကြံစည်ပြီး မှားယွင်းတဲ့ ထွက်ဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း စွပ်စွဲခံထားရပါတယ်။

ထရန့်ဟာ သမ္မတရာထူးက ထွက်ပြီးနောက် ပင်တဂွန်နဲ့ စီအိုင်အေတို့ရဲ့ ထိပ်တန်း လျှို့ဝှက် စာရွက်စာတမ်းတွေကို သူ့ရဲ့ ဖလော်ရီဒါ နေအိမ်မှာ ဆက်လက် သိမ်းဆည်းထားခဲ့တာ ဖြစ်ပါတယ်။

ဒီအတောအတွင်း ပန်ဆယ်ဗေးနီးယားပြည်နယ်မှာ ပြုလုပ်တဲ့ လူထု စုဝေးပွဲ တစ်ခုမှာ သေနတ်နဲ့ ပစ်ခတ်ခံရပေမယ့် အသက်ရှင် လွတ်မြောက်ခဲ့တဲ့ ထရန့်ဟာ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဘိုင်ဒန်ကို အနိုင်ရနိုင်သူအဖြစ် ရေပန်းစားနေပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.