မော်လမြိုင် ၊ ဇူလိုင် ၁၇

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းတွေကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတာကြောင့် စစ်ကောင်စီဟာ ထိုင်း-မြန်မာနှစ်နိုင်ငံကုန်သွယ်ရေးကို ရေကြောင်းလမ်းကနေတဆင့် ပြောင်းလဲကျင့်သုံးလာတာ ဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအဖြစ် ရန်ကုန်-ကော့သောင်း-ရနောင်း အသွားအပြန်ကို ကမ်းရိုး တန်းဆိပ်ကမ်းတွေကတဆင့် ကုန်သေတ္တာတင် သင်္ဘောတွေနဲ့ စတင်နေပြီလို့ ဇူလိုင် ၁၆ ရက်နေ့ထုတ် ဝါဒဖြန့်သတင်းစာမှာ ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ ရန်ကုန်ဆိပ်ကမ်းမှ ပြောင်းနဲ့သတ္တုတင်ဆောင်ပြီး ဇွန် ၃၀ ရက်နေ့က ထွက်ခွာတဲ့သင်္ဘောဟာ ကော့သောင်းကုန်သွယ်ရေးစခန်းကို ဇူလိုင် ၈ ရက်နေ့မှာ ရောက်ရှိသလို ရနောင်းဆိပ်ကမ်းမှာ ကုန်ချတာ၊ သွင်းကုန်တင်ဆောင်တာတွေ လုပ်ဆောင်ပြီး ဇူလိုင် ၁၀ ရက်နေ့မှ ထွက်ခွာနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တခြားသင်္ဘောတစ်စင်းဟာလည်း ရန်ကုန်မှ ဇူလိုင် ၁ ရက်နေ့မှ ထွက်ခွာပြီး ဇူလိုင် ၅ ရက်နေ့မှာ ကော့သောင်းကုန်သွယ်ရေးစခန်းကို ရောက်သလို ရနောင်းဆိပ်ကမ်းမှာ ကုန်ချတာနဲ့ သွင်း ကုန်တင်ဆောင်ပြီး ဇူလိုင်၁၂ ရက်နေ့မှ ထွက်ခွာနိုင်တာကြောင့် အသွားတစ်ကြောင်းကို ၁၀ ရက်ကျော် အချိန်ကြာမြင့်နေတာပါ။

နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်တစ်ဦးကတော့ ရေကြောင်းကတဆင့် ကုန်သွယ်မှုဟာ လုပ်ငန်းရှင်ကြီးတွေအတွက်သာ အဆင်ပြေမှုရှိနိုင်ပြီး တစ်နိုင်တစ်ပိုင် စီးပွားရေးသမားတွေ အခက်အခဲများစွာ ဖြစ်ပေါ်လာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အများသမားတွေကတော့ အဆင်ပြေတာပေါ့။ ဥပမာ- ပြောင်းတို့ ဘာတို့ညာတို့ပေါ့။ ငွေများများရှိတဲ့သူတွေ အဆင်ပြေတယ်။ ဒါပေမယ့်တစ်ပိုင်တနိုင်တွေက ဒုက္ခရောက်မှာ။ သူတို့ကအဲဒီလောက် ကွန်တိန်နာလိုက်ကြီးနဲ့ မဝယ်နိုင်ဘူးလေ။ တချို့ကျတော့ကွာ နယ်စပ်မှာကျတော့ တွဲကားတစ်စီးပေါ့။ ကွန်တိန်နာတစ်လုံးဆိုလို့ရှိရင်လည်း တစ်လုံးလေးကိုသွားပြီး ပို့လိုက်တာပေါ့။ ပို့လိုက်ပြီးတော့ ဟိုကပေးတဲ့ ပိုက်ဆံကိုယူလာပြီးတော့ တခြားပစ္စည်းကိုဝယ်ပြီး ဒီဘက်ကို ပြန်ရောင်းတာပေါ့။ အဲဒီလူတွေ အခက်အခဲရှိသွားတာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် ရေကြောင်းကတဆင့် ကွန်တိန်နာတွေနဲ့ ပို့ဆောင်တာဟာ အရင်ကုန်တင်ကားတွေနဲ့ ပို့ ဆောင်တာထက် ကုန်ကျစရိတ် ပိုမိုကုန်ကျနိုင်သလို ပစ္စည်းအများကြီးကို စုဆောင်းပြီးတစ်ခါ တည်း ပို့ရတာဖြစ်တဲ့အတွက် အချိန်ကြန့်ကြာမှုတွေလည်း ရှိနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီကတော့ ရေကြောင်းကတဆင့် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှု နည်းလမ်းနဲ့ ပို့ကုန်၊ သွင်းကုန်တွေကို ဇူလိုင် ၈ ရက်နေ့အထိ ပို့ကုန်လိုင်စင် ၁၅ စောင်၊ အမေရိကန် ဒေါ်လာ ၄ သန်းကျော်ဖိုး ခွင့်ပြုထားသလို သွင်းကုန်လိုင်စင် ၅၉၈ စောင် အမေရိကန် ဒေါ်လာ ၂၆ သန်းကျော်ဖို့ ခွင့်ပြုထားတယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီ ကုန်သွယ်ရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနဲ့ထိုင်းနှစ်နိုင်ငံရဲ့ နယ်စပ်နဲ့ ပင် လယ်ရေကြောင်းမှ ကုန်သွယ်မှုဟာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ဧပြီမှ မေလအထိ ပို့ကုန် အမေရိကန် ဒေါ်လာ သန်း ၅၀၀ နီးပါးရှိပြီး သွင်းကုန်အနေနဲ့ ၁၅၅ သန်းကျော် ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.