ကျောက်မဲ၊ ဇူလိုင် ၁၆

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အဘွားအိုတစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဇူလိုင် ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီနေ့ ညနေ ၃ နာရီအချိန်ခန့်မှာ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီး အလုံး ၃၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ TNLA ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်မဲမြို့ နမ့်ဟူးတောင်အထက်ကျေးရွာနေ အဘွားအိုတစ်ဦး သေဆုံးခဲ့ပြီး ရပ်ကွက် ၉ မှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်အဖွဲ့တွေက လေးရက်အကြာ တစ်ဖက်သတ် အပစ်ရပ်ထားချိန်မှာ စစ်ကောင်တပ်မှ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်မှုတွေ ဆက်လက်လုပ် ဆောင်နေတယ်လို့ TNLA က ဆိုပါတယ်။

တစ်ဖက်မှာလည်း ကျောက်မဲမြို့မှာ စစ်ကောင်စီရဲ့ ခမရ ၅၀၁ နဲ့ ၅၀၂ တပ်ဖွဲ့တွေ ထိုးစစ်ဆင် တိုက် ခိုက်လာတာကြောင့် TNLA တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သံလွင်တိုင်းက ပြုစုထားတဲ့ အချက်အလက်တွေအရ ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲကာလ ၂၁ ရက်အတွင်း ရှမ်းမြောက်နဲ့ မန္တလေးတိုင်းက မြို့နယ်တွေမှာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၇၀ ဦး သေဆုံးခဲ့ပြီး ၁၃၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.