ကျိုက်မရော၊ ဇူလိုင် ၁၇

မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ငါးဦး ရိုက်နှက်တိုက်ပိတ်ခံထားရပြီး ထောင်တွင်းပုဒ်မတွေနဲ့ပါ အမှုရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့ ညနေ တန်းပိတ်ချိန်မှာ ထောင်ဦးစီးမှူး ကျော်ဇင်အောင် ဦးဆောင်တဲ့ ဝန်းထမ်း ၂၀ လောက်ဟာ နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ကိုလွမ်းဝေအောင်၊ ကိုအောင်ဇော်မင်း၊ ကိုညီညီ၊ ကိုဇာနည်အောင်နဲ့ ကိုနန္ဒလင်းအောင်တို့ကို အင်အားသုံးလာရောက်ခေါ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

လာရောက်ခေါ်ဆောင်ချိန်မှာ အကျဉ်းဦးစီးဌာနဘက်မှ ခိုင်မာတဲ့ အကြောင်းပြချက်မပေးဘဲအတင်း ဆွဲခေါ် ထုတ်တာကြောင့် နိုင်ငံရေးအကျဉ်းသားတွေမှ ပြန်လည်ငြင်းဆန်တဲ့အတွက် လေးခွ၊ နံပါတ် တုတ်တွေနဲ့ ရိုက်နှက်ကာ အတင်းအဓမ္မခေါ်ဆောင်သွားခဲ့တယ်လို့ PPNM က ဆိုပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက နိုင်ငံရေးအကျဉ်းသားငါးဦးကို ဖုန်းသုံးစွဲတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သက်သေမခိုင်လုံဘဲ ရိုက်နှက်ခေါ်ဆောင်သွားတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားငါးဦးကို ဒီကနေ့အထိ ထောင်အာဏာ ပိုင်တွေမှ ထောင်ဝင်စာဧည့်တွေ့ခွင့်နဲ့ ပါဆယ်ပို့ခွင့်တွေကိုပါ ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။

အဲ့ဒီနိုင်ငံရေးအကျဉ်းသားငါးဦးကို ပြည်သူပိုင်ပစ္စည်းဖျက်စီးမှု ပုဒ်မ ၆(၁)/ နဲ့ လာရောက်ခေါ်ဆောင်ချိန်မှာ အသာတကြည်မလိုက်လို့ဆိုကာ ပုဒ်မ ၂၂၄ နဲ့တရားစွဲဆိုထားပြီး အခြားပုဒ်မတွေနဲ့လည်း မတရား အမှုဖွင့်ထားတယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းချိန်ကစပြီး မတရား ဖမ်းဆီးခံရသူ စုစုပေါင်း ၂၇,၀၀၀ ကျော်အထိ ရှိလာတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အ လက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.