ကိဗ်၊ ဇူလိုင် ၁၅

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို လုပ်ကြံသတ်ဖြတ်ရေး ကြိုးပမ်းမှု အကြိမ်ရေ တော်တော်များများ ရှိခဲ့တယ်လို့ ယူကရိန်း စစ်ဖက်ဆိုင်ရာ ထောက်လှမ်းရေး အကြီးအကဲ ကိုင်ရိုင်လို ဘူဒါနော့ဗ်က ဇူလိုင် ၁၃ ရက်မှာ ပြောကြားလိုက်ပါတယ်။

ဒါပေမဲ့ သမ္မတ ပူတင်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုဟာ မအောင်မြင်ခဲ့ဘူးလို့ အကြီးအကဲ ဘူဒါနော့ဗ်က ယူကရိန်း သတင်းဝက်ဘ်ဆိုက် New Voice ကို ပြောကြားထားပါတယ်။

အဲဒီထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်က ဘယ်အချက်ကို အခြေခံပြီး အခုလိုမျိုး ပြောဆိုရသလဲ ဆိုတာကိုတော့ ရှင်းမပြထားပါဘူး။

အဲဒီ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းတဲ့ အစီအစဉ်တွေမှာ သူ့ရဲ့ ဌာနနဲ့ အခြား ယူကရိန်း ထောက်လှမ်းရေးဌာနတွေ ပါဝင်ခဲ့သလားဆိုတာကိုလည်း သူက ပြောမထားပါဘူး။

ကရင်မလင် နန်းတော်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ကတော့ သမ္မတရဲ့ ဘေးကင်းလုံခြုံရေးအတွက် ကာကွယ်သွားမှာ ဖြစ်ကြောင်း တုံ့ပြန် ပြောဆိုထားပါတယ်။

ယူကရိန်း အစိုးရရဲ့ အန္တရာယ်တွေက သိသာထင်ရှားနေတယ်လို့ ပြောခွင့်ရ ပက်စကော့က ပြောပါတယ်။

သမ္မတ ပူတင်ဟာ ရုရှား ထိပ်တန်း ပုဂ္ဂိုလ်တွေ အားလုံးက လက်သင့်ခံတဲ့ ခေါင်းဆောင် တစ်ယောက် မဟုတ်တော့ကြောင်း အကြီးအကဲ ဘူဒါနော့ဗ်က ပြောကြားပြီး သူဟာ အာဏာ ရယူထားတာ နှစ်ပေါင်း ၂၀ ကျော်ကြာပြီ ဖြစ်လို့ ရုရှားတွေက သူ့ကို ဆုံးရှုံးလိုက်ရမှာ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

တကယ်လို့ သမ္မတ ပူတင်သာ သေဆုံးသွားမယ်ဆိုရင် ၁၉၅၃ ခုနှစ်က ဆိုဗီယက် အာဏာရှင် ဂျိုးဆက်ဖ် စတာလင် သေဆုံးချိန်က တုံ့ပြန်ပုံမျိုးနဲ့ ဆင်တူလိမ့်မယ်လို့ အကြီးအကဲဘူဒါနော့ဗ်က ပြောပါတယ်။

အဲဒီအချိန်က ဆိုဗီယက် လူထုဟာ သူတို့ ကမ္ဘာတစ်ခုလုံး ပြိုပျက်သွား သလို ဖြစ်ခဲ့ရပြီး ဘယ်လို ဆက်လက် နေထိုင်ရမလဲမသိ ဖြစ်နေခဲ့ကြတယ်လို့ ဘူဒါနော့ဗ်က ပြောပါတယ်။

သမ္မတ ပူတင်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုတွေနဲ့ ပတ်သက်လို့ အချက်အလက် အနည်းငယ်ကိုပဲ သိထားရပါတယ်။

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ဖို့ သမ္မတ ပူတင်က ညွှန်ကြားခဲ့ပြီး မကြာခင် ၂၀၂၂ ခုနှစ် မေလမှာ ကော့ကေးရှပ်စ် ဒေသက လူတွေက သူတို့ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်ခဲ့ပေမယ့် မအောင်မြင် ဖြစ်ခဲ့ပါတယ်။

Ref:DPA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.