မိုးကုတ်၊ ဇူလိုင် ၁၆

၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အဖြစ် ဆက်လက်ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းတို့က နှစ်ဖက်တိုက်ပွဲတွေအတွင်း အရပ်သားသေဆုံးမှု ထပ်တိုးလာတယ်လို့ သံလွင်တိုင်းမ်က ပြုစုထားတဲ့အချက်တွေအရ သိရပါတယ်။

ဇွန် ၂၅ ရက်နေ့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲ ရက်ပေါင်း ၂၀ ကာလအတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၆၈ ဦး သေဆုံးပြီး ၁၁၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုအရ ရှမ်းပြည်နယ်ရဲ့ ကျောက်မဲ၊နောင်ချို၊ လားရှိုး၊ မန္တလေး တိုင်းရဲ့ မိုးမိတ်နဲ့ မိုးကုတ်မြို့နယ်တို့က ဖြစ်တယ်လို့ သိရပါတယ်။

အရပ်သားသေဆုံးမှုအပေါ် စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ မန္တလေး PDF ပူးပေါင်းတပ်တို့အကြား အပြန်အလှန်စွပ်စွဲမှုတွေ ရှိနေပါတယ်။

စစ်ကောင်စီဘက်ကတော့ အရပ်သားသေဆုံးမှုဟာ တော်လှန်ရေးအဖွဲ့တွေရဲ့ ရှော့တိုက်ဒုံးနဲ့ လက် နက်ကြီးပစ်ခတ်မှုလို့ စွပ်စွဲထားပြီး တော်လှန်ရေးအဖွဲ့တွေကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လို့ အပြန်အလှန်စွပ်စွဲမှုတွေ ရှိနေပါတယ်။

တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ ရှမ်းမန်းစစ်ဆင်ရေးရဲ့ ၂၁ ရက်မြောက်နေ့ဖြစ်တဲ့ ဇူလိုင် ၁၅ ရက်နေ့မှာလည်း လားရှို့မြို့အနီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ မှာတော့ TNLA နဲ့ မန္တလေး PDF ပူးပေါင်းတပ်က စစ်ကောင်စီတပ်စခန်း ၇၀ ထက်မနည်း သိမ်းပိုက်ရရှိထားပြီး အဲဒီထဲမှာနောင်ချိုမြို့ကို ပထမဆုံးမြို့အဖြစ် သိမ်းယူထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.