ရေး ၊ ဇူလိုင် ၁၆

မွန်ပြည်နယ်ရဲ့ တစ်ခုတည်းသော စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခံထားရတဲ့ ရေးမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်းတပ်သားတွေနဲ့ နယ်မြေရှင်းလင်းတာတွေ လုပ်နေတယ်လို့ ဒေသခံတွေနဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF ကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်နေ့က တိုင်းစစ်ဌာနချုပ်အလိုက် နယ်မြေခံသင်တန်းကျောင်းတွေမှာ စစ်မှုထမ်းအပတ်စဉ် ၁ သင်တန်းဆင်းခဲ့ကြတဲ့ တပ်သားတွေကို စစ်ကောင်စီက ဇူလိုင်လဆန်းမှာ တိုက်ပွဲဖြစ်တဲ့ ဒေသတွေနဲ့ အင်အားလိုအပ်တဲ့နေရာတွေမှာ တန်းပို့ခဲ့တာပါ။

အဲဒီထဲမှာ ရေးမြို့ နယ်မှာရှိတဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌနာချုပ် – စကခ ၁၉ လည်းပါဝင်ပြီး သင်တန်း ဆင်း တပ်သားတွေကို ရေလမ်းကြောင်းကနေတဆင့် အရပ်သားကားတွေကို အသုံးပြုကာ ပို့ ဆောင်ခဲ့တယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူတို့ အဓိက ရေလမ်းကြောင်းပဲ အားကိုးတာ။ ကုန်းလမ်းဘက်ကတော့ မလွယ်ဘူး။ အရပ်သားကားယူပြီး သူတို့လူတင်သွားတာပေါ့။ မိန်းကတော့ စကခ ၁၉ ပဲ ဝင်တယ်။ ၁၉ ကနေ ပြန်ဖြန့်လာတာ။ အခု တပ်ရင်းတစ်ရင်းတို သူတို့ပို့လာရင် ခန့်မှန်းခြေ အယောက် ၅၀/၁၀၀ ဝန်းကျင်ပေါ့။ ကျွန် တော်တို့ နားမှာ တပ်ရင်းသုံးရင်းရှိတယ်။ ဒီဘက်ရောက်လာတာက နှစ်ပတ်လောက်ပဲရှိတယ်”လို့ ဆိုပါတယ်။

တစ်ဘက်မှာတော့ နဂိုအင်အားတွေနဲ့ အသစ်ရောက်ရှိလာတဲ့ အင်အားတွေပေါင်းပြီး တပ်ပြင်ထွက်ကာ ရွာအဝင်အထွက်တွေ လမ်းမတွေမှာ စစ်ယူနီဖောင်းဝတ်ပြီး လုံခြုံရေးအကြောင်းပြချက်နဲ့ စစ် ဆေးလာနေတဲ့အတွက် ပြည်သူတွေ အနှောင့်အယှက်ဖြစ်တယ်လို့ အဲဒီဒေသခံက ဆက်ပြောပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးကလည်း တပ်သားသစ်တွေကို ဓမင်းဆိပ်ကျားတန်းဘက်ကနေ လမ်းကြောင်းအသစ်တွေနဲ့ ရေးမြို့နယ်ကိုဝင်လာပြီး အရပ်သားတွေရဲ့ အုတ်၊ သဲ သယ်တဲ့ကားနဲ့ အဓမ္မခေါ်ယူအသုံးပြုကာ တင်ဆောင်နေတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါပေမယ့် ရေးဘက် ပို့ဆောင်ခံရတဲ့ သင်တန်းဆင်းတပ်သားသစ်တွေဟာ ဘယ်ဒေသက စစ်သင် တန်းကျောင်းဆင်းတွေလဲဆိုတာ မသိရှိပေမယ့် ရေလမ်းကနေ သင်္ဘောသုံး၊ လေးစီးနဲ့ ရန်ကုန်ဘက်က လာကြတာလို့ ကြားမိပြီး ဝဲကလိဘက် ပါ မပါ မသိဘူးလို့ သူက ပြောပြပါတယ်။

စစ်ကောင်စီအနေနဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေကို ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့ကတည်းက သက်ဆိုင် ရာ တိုင်းစစ်ဌာနချုပ်တွေရဲ့ ကွပ်ကွဲမှုအောက်မှာရှိတဲ့ ခြေလျင်၊ ခြေမြန်တပ်ရင်းတွေမှာ ခွဲဝေပြောင်း ရွှေ့ဖို့ လျှို့ဝှက်ညွှန်ကြားထားတာပါ။

အဲဒီထဲမှာ ရေးမြို့နယ်အခြေစိုက် စကခ ၁၉ ကွပ်ကဲမှုအောက်မှာရှိတဲ့ ခြေလျင်၊ခြေမြန်တပ်ရင်းတွေမှာ တပ်သား ၃၄၀ ကျော် ခွဲဝေပို့ဆောင်ရမယ်ဆိုတဲ့ ညွှန်ကြားချက်လည်း ပါဝင်တယ်လို့ ဧရာဝတီတိုင်းမ် သတင်းဌာနက ဖော်ပြထားတဲ့ အချက်အလက်အရ သိရပါတယ်။

နိုင်နဂါးကတော့ စစ်ကောင်စီတပ်ဟာ ရေးမြို့ နယ်တဝိုက်မှာ တပ်အင်အားတွေပေါင်းပြီး လုံခြုံရေးတင်းကြပ်တာတွေ နယ်မြေရှင်းလင်းရေးကိစ္စတွေ စတင်လှုပ်ရှားလာတယ်လို့ ပြောပါတယ်။

“စစ်ကောင်စီတပ်တွေက အသစ်ရောက်ရှိလာတဲ့ အင်အားနဲ့ နဂိုလက်ရှိအင်အားအဟောင်းတွေပေါင်းပြီး ရေးမြို့နယ်တစ်ဝိုက်မှာ သူတို့လုံခြုံရေးကင်းတွေ ပိုပြီးလုပ်လာတယ်။ ပြည်သူတွေကို စစ် ဆေးမေးမြန်းမှုတွေ ပိုပြီးလုပ်လာတယ်။ ခြံတွေထဲအထိ သွားပြီးတော့ ပြည်သူတွေရဲ့ ဖုန်းတွေကိုစစ်တယ်။ မြို့အဝင်အထွက်တွေမှာ လည်း အင်အားတွေ ပိုချလာတယ်။ အရင်ကမလုပ်ခဲ့ဖူးတဲ့ နယ်မြေရှင်းလင်းရေးကိစ္စကိုလည်း စတင်လှုပ်ရှား လာတာတွေ့ရတယ်”လို့ ဆိုပါတယ်။

ရေးမြို့နယ်ဟာ စစ်ကောင်စီရဲ့ စကခ ၁၉ နဲ့ အဓိကအထိုင်ချထားတာဖြစ်ပြီး တပ်ရင်း ၁၃ ရင်းနဲ့ ဖြန့်ကျက်ထား တာပါ။ တစ်ဘက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပြင် ဒေသတွင်း တော်လှန်ရေးတပ်တွေနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှု အားကောင်းတဲ့ ဒေသဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းကတည်းက ရေး – ထားဝယ်လမ်းပိုင်းကို စစ်ကောင်စီ လက်လွှတ်ခဲ့ရပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက အပြည့်အဝစိုးမိုးထားတဲ့အတွက် နယ်မြေရှင်းလင်းရေးတွေ မလုပ်ဆောင်နိုင်ခဲ့သလို ကုန်းကြောင်းကိုလည်း အသုံးမပြုနိုင်ဘဲ ရေလမ်းကိုသာ အားထားခဲ့ရတာပါ။

ဒါကြောင့် စစ်ကောင်စီအနေနဲ့ ၆ လကျော် လက်လွှတ်ခဲ့ရတဲ့လမ်းပိုင်းကို ပြန်လည်စိုးမိုးနိုင်ဖို့ စစ်မှု ထမ်းသင်တန်းဆင်းတွေရဲ့ အင်အားနဲ့ ရှိပြီသားအင်အားတွေပေါင်းပြီး အခုလို နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

မဟာမိတ်တပ်တွေအနေနဲ့ စစ်ကောင်စီတပ်ကို အမြစ်ဖြတ်ချေမှုန်းဖို့ သန္နိဌာန်ချပြီးသားဖြစ်တာမို့ ရှိတဲ့ လက်နက်လူသူအင်အားနဲ့ ရရှိလာတဲ့ အခွင့်အရေးအခြေအနေပေါ် မူတည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ နိုင်နဂါးက အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC Telegram

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.