မော်လမြိုင်၊ ဇူလိုင် ၁၅

ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်နေ့အထိ တစ်ပတ်တာကာလအတွင်း မွန်ပြည်နယ်အပါအဝင် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ မုတ်သုံမိုးကြောင့် ရေကြီး ရေလျှံဘေး အလေးထား သတိပြုဖို့ လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM) က သတင်းထုတ်ပြန်ထားပါတယ်။

အခုတစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ မုတ်သုံမုန်တိုင်းငယ်တစ်ခုဖြစ်လာပြီး မုတ်သုံလေ အင်အား ပိုမိုအားကောင်းလာနိုင်ကြောင်း၊ မြန်မာတစ်ပြည်လုံး မုတ်သုံမိုး အနည်းအများအလိုက် မိုးသည်းထန်စေနိုင်တဲ့အကြောင်း (MOHADM) ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ရခိုင်၊ မြစ်ဝကျွန်းပေါ်၊ မွန်နဲ့ တနင်္သာရီကမ်းရိုးတန်းဒေသတွေမှာ မုတ်သုံမုန်တိုင်းငယ်နဲ့ ဆက်စပ်တဲ့ မုတ်သုံမိုး သည်းထန်နိုင်တာကို သတိပြုကြဖို့နဲ့ ရေကြီးရေလျှံ၊ မြေပြိုဘေးတွေ ကျရောက်လာပါကလည်း ဘေးအန္တရာယ် ထိခိုက်မှု လျော့ပါးသက်သာစေရေး အထူးအလေးထား ပြင်ဆင်သင့်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ မိုး/ဇလ ဌာနရဲ့ ဇူလိုင် ၁၅ ရက် ညနေ ၄ နာရီအချိန်ထုတ်ပြန်ချက်အရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ အနောက်အလယ်ပိုင်းတို့မှာ လေဖိအားနည်း ရပ်ဝန်းဆက်လက်တည်ရှိနေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေတယ်လို့ သိရပါတယ်။ ဇူလိုင် ၁၆ ရက် မနက်အထိ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်၍ မိုးကြီးနိုင်တဲ့အကြောင်း အသိပေးထားပါတယ်။

သံလွင်တိုင်းမ်
ဓာတ်ပုံ – ဆိုရှယ်မီဒီယာ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.