တနင်္သာရီ၊ ဇူလိုင် ၁၆

တနင်္သာရီတိုင်းက စစ်ဘေးရှောင်ပြည်သူတွေမှာ အခုလအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူများလာတယ်လို့ ဒေါနတနင်္သာရီစစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ ရေ၊ အစားအသောက်တွေနဲ့ လူနေထိုင်မှုစနစ်တွေကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနေတာဖြစ်ပြီး မနှစ်ကထက် ဖြစ်ပွားသူအရေအတွက် ပိုများလာတယ်လို့ သိရပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုဟာ စစ်ရှောင်စခန်းတွေအပါအဝင် စစ်ရှောင်ပြည်သူတွေ နေ ထိုင်ရာ ယာယီစစ်ရှောင်နေရာတွေမှာ အဖြစ်များနေပြီး တစ်တိုင်းလံအတိုင်းအတာအရ အရေအ တွက် ရာနဲ့ချီ ရှိနိုင်တယ်လို့ ဆိုပါတယ်။

လတ်တလော ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုကို ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းနဲ့ ပုလောမြို့နယ်တို့မှာ ဖြစ်ပွားမှုတွေ ရှိနေပြီး ကာလဝမ်းရောဂါအဆင့်ထိ ဖြစ်ပွားတာမျိုး မတွေ့ရသေးဘူးလို့ ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူတွေကို CDM ကျန်းမာရေးဝန်ထမ်းတွေကနေ ကုသမှုတွေ လုပ်ဆောင်ပေးနေပေမယ့် ဆေးဝါးမလုံလောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် စစ်ရှောင်ပြည်သူ ၆၀၀၀၀ နီး ပါးအထိ တိုးလာပြီး အဲဒီထဲမှာ အမြဲတမ်းစစ်ရှောင်ပြည်သူ ၂၀၀၀၀ ကျော် ရှိတယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ နိုင်ငံတဝန်းမှာ အခုလအတွင်း ဝမ်း ပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ ၇၀၀ နီးပါးအထိ ရှိလာပြီး သေဆုံးမှုကိုတော့ တစ်စုံတစ်ရာ သ တင်းထုတ်ပြန်ထားတာ မတွေ့သေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.