epa09035061 Demonstrators hold placards calling for support for the civil disobedience movement (CDM) during a protest against the military coup, in Yangon, Myanmar, 25 February 2021. Anti-coup demonstrations continued amid regional diplomatic attempts to reach a resolution to weeks of unrest caused by the military coup. EPA-EFE/LYNN BO BO

မော်လမြိုင်၊ ဇူလိုင် ၁၆

အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ပြီးနောက် အမည်မည်းစာရင်း Black List သွင်းခံထားရတဲ့ ဝန်ထမ်းတွေ လုပ်ငန်းခွင်ပြန်ဝင်ကြဖို့ စစ်ကောင်စီ ဖိတ်ခေါ်မှုအပေါ် အယုံအ ကြည်မရှိဘူးလို့ CDM ဝန်ထမ်းတွေက တုံ့ပြန်လိုက်ပါတယ်။

အာဏာဖီဆန်မှုကြောင့် အမည်မည်းစာရင်းပါဝင်တဲ့ CDM ဝန်ထမ်းတွေကို လုပ်ငန်းခွင်စွန့်ခွာရတဲ့ အကြောင်းခြင်းရာတွေအပေါ် မူတည်ပြီး ပယ်ဖျက်ဖြေလျှော့ပေးသွားမယ်လို့ စစ်ကောင်စီက ဇူ လိုင် ၁၂ ရက်နေ့ ရက်စွဲနဲ့ ကြေညာပါတယ်။

လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်လိုတဲ့ CDM ဝန်ထမ်းတွေအနေနဲ့ သက်ဆိုင်ရာဌာနတွေကို ဇူလိုင် ၁၅ ရက်နေ့ ကစပြီး သတင်းပေးပို့ရာမှာ ဖြစ်ပါတယ်။

CDM ဝန်ထမ်းတစ်ဦးက စစ်ကောင်စီရဲ့ ဖိတ်ခေါ်မှုဟာ သူတို့ ဝန်ထမ်းယန္တရားလည်ပတ်ဖို့ အခက် အခဲကြီးမားနေတာကြောင့်ဖြစ်ပြီး CDM ဝန်ထမ်းတွေကတော့ လုပ်ငန်းခွင် ပြန်ဝင်မှာမဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တကယ်တော့ CDMတွေကို တစ်မျိုးမဟုတ်တစ်မျိုး သူက Black lists နဲ့ ညှိအောင်တော့ လုပ်ကြတာကြီးပါပဲ။ ဆိုတော့ သူ့ဘက်က တော်တော်ကြီးကိုလည်ပတ်လို့ အဆင်မပြေဘူးပေါ့။ အခုကျောင်းတွေမှာလည်း ကျွန်တော်တို့ ကြားနေရတဲ့ပုံစံဆို အခြေအနေတော်တော်မကောင်းဘူး။ ဟန် ပြကလေးတွေကို တက်ဖို့ပဲလုပ်ပေးနိုင်တာ။ တကယ့်တကယ် ပုံမှန်အခြေအနေကို ပြန်မလည်ပတ်နိုင်ဘူး။ အဲဒီလိုမျိုးဖြစ်နေတာဆိုတဲ့အခါကျတော့ သူကရလိုရငြားခေါ်ကြည့်တဲ့ သဘောပဲလို့ ထင်ပါတယ်။ ဘယ်သူကမှ ရင်ခုန်ပြီးတော့ ပြန်ပြီးတော့ သွားချင်ပါတယ်လို့ကို မကြားနေတာပါ”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ အာဏာသိမ်းပြီးကတည်းက CDM ဝန်ထမ်းတွေကို အမျိုးမျိုးစာထုတ်ပြီး ပြန်ခေါ်တာ၊ ခြိမ်းခြောက်ပြန်ခေါ်တာတွေအပြင် ဖမ်းဆီးနှိပ်စက်ပြီး ခံဝန်ထိုးခိုင်ကာ ပြန်ခေါ်တာတွေရှိပေမယ့် လက်ရှိအချိန်အထိ CDM ဝန်ထမ်း အများအပြားရှိနေဆဲဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

CDM ဝန်ထမ်းတစ်ဦးကလည်း စစ်ကောင်စီရဲ့ ဝန်ထမ်းယန္တရား လည်ပတ်တဲ့နေရာမှာ ကျွမ်းကျင် ဝန်ထမ်းတွေ မရှိတာကြောင့် အခုလိုပြန်ခေါ်တာ ဖြစ်သလို စစ်ကောင်စီကို အယုံအကြည် မရှိတာကြောင့် သူတို့ ပြန်ခေါ်တဲ့ အပေါ် စိတ်မဝင်စားဘူးလို့ တုံ့ပြန်ပါတယ်။

“သူတို့လည်ပတ်ရတာ ဆရာဝန်တွေမှာဖြစ်ဖြစ်၊ ဆရာမတွေမှာဖြစ်ဖြစ်၊ ဒီအုပ်ချုပ်ရေးမှာရော ကျွမ်းကျင်တဲ့လူတွေ တော်တော်များများက အပြင်ကိုထွက်သွားကြတယ်။ CDM လုပ်သွားကြတယ်ဆိုတော့ သူတို့မှာလည်း လည်ပတ်ရတာခက်တယ်။ တကယ့်ကို တတ်သိပညာရှင်တွေလည်း ရှားပါးသွားတာပေါ့နော်။ အခုက အဖက်ဖက်က ချွတ်ခြုံကျနေပြီး ဆိုတော့လေ။ ဘယ်သူမှတော့ စိတ်မဝင်စားတော့ပါဘူး။ အဲဒီကိစ္စကို အယုံအကြည်လည်း မရှိဘူးပေါ့နော်”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက အမည်မည်းစာရင်းသွင်းထားတဲ့ CDM ဝန်ထမ်းတွေကို ပြန်ခေါ်တာဟာ တဖက်လှည့်နဲ့ ခေါ်ဆောင်ပြီး တိုက်ပွဲဖြစ်ပွားရာ ဒေသတွေမှာ တာဝန်ထမ်းဆောင်ခိုင်းဖို့ ဖြစ်နိုင်သလို ဖမ်းဆီးအရေးယူဖို့လည်း ဖြစ်နိုင်တာကြောင့် သတိထားဖို့ တိုက်တွန်းတာတွေ ရှိနေပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို အာဏာသိမ်းကာလတစ်လျှောက် ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးတာ၊ နေအိမ် အ ဆောက်အဦးနဲ့ လုပ်ငန်းတွေကို ချိတ်ပိတ်တာတွေအပြင် CDM ဝန်ထမ်းတွေကို အလုပ်မခန့်ဖို့ ဖိ အားပေးတာတွေ လုပ်ဆောင်ခဲ့တာပါ။

မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်းမှုအပေါ် အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ် ရှားမှုမှာပါဝင်ထားတဲ့ နိုင်ငံ့ဝန်ထမ်း သုံးသိန်းကျော် ဆက်ရှိနေတယ်လို့ CDM ဝန်ထမ်းအသိုင်းအ ဝိုင်းထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.