မကွေး၊ ဇူလိုင် ၁၅

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ ခ.လ.ရ ၅၀ ကပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး ကလေးငယ်တွေအပါအဝင် ၁၄ ဦး ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက​ သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်က ဂန့်ဂေါ ခ.လ.ရ ၅၀ ကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီး လာပို့ရွာအတွင်းကို ကျရောက်ပေါက်ကွဲခဲ့တာပါ။

“လက်နက်ကြီးက စာသင်ကျောင်းထဲကို ကျပြီးပေါက်ကွဲတာ။ ခြေဖြတ်လက်ဖြတ်ရမယ့်လူတွေလည်းများတယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

လာပို့ရွာအတွင်း လက်နက်ကြီး ကျည် ၅ လုံး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကာ ကလေးငယ် ၄ ဦး အပါအဝင် ၁၄ ဦးဒဏ်ရာရရှိခဲ့တာပါ။

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ​ပစ်ခတ်ပြီးနောက်တစ်ရက် ဇူလိုင် ၁၄ ရက်မှာတော့ ဂန့်ဂေါ ခ.လ.ရ ၅၀ အတွင်းကနေ ပေါက်ကွဲသံ အကြိမ်ရေ ၃၀ ထက်မနည်းကြားရတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဂန့်ဂေါ ခ.လ.ရ ၅၀ ကနေ မကြာခဏဆိုသလို လက်နက်ကြီးနဲ့ ပစ်ခတ်တတ်ပြီး ဂန့်ဂေါခရိုင်အတွင်းမှာ အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကြီးနဲ့ လေကြောင်းကတဆင့်တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ဦးရေဟာ ၁၂၀ ထက်မနည်းရှိလာပြီလို့ သိရပါတယ်။

သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media
ပုံစာ – ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း လာပို့ရွာကို စစ်ကောင်စီက မီးရှို့ခဲ့စဉ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.