ဘတ်လာ၊ ဇူလိုင် ၁၄

အမေရိကန်ဒေသစံတော်ချိန် ဇူလိုင် ၁၃ ရက်မှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်သမ္မတဟောင်း ထရန့်ရဲ့ လူထုစုရုံးပွဲမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဲဒီပစ်ခတ်မှုကြောင့် ပွဲတက်ရောက်လာတဲ့ လူအုပ်ကြီးမှာ ထိတ်ထိတ်ပြာပြာ ဖြစ်သွားခဲ့ရပြီး ရီပါဘလစ်ကန်ပါတီသမ္မတလောင်း၊ အမေရိကန်သမ္မတဟောင်း ထရန့်ရဲ့ မျက်နှာမှာလည်း သွေးစတွေ စွန်းထင်းနေနေခဲ့တာကိုတွေ့ရပါတယ်။

သေနတ်ပစ်ခတ်ခဲ့သူ သေဆုံးခဲ့ကြောင်း သမ္မတဟောင်း ထရန့်က သူ့ရဲ့ လူမှုကွန်ရက်မီဒီယာ Truth Soical ကနေ ကြေညာချက်ထုတ်ပြန်ပါတယ်။ သူဟာ ကျည်ဆံနဲ့ ပစ်ခတ်ခံခဲ့ရပြီး သူ့ရဲ့ညာဘက်နားအပေါ်ဘက်ကို ဖောက်ထွင်းသွားခဲ့တယ်လို့ အဲဒီကြေညာချက်မှာ ဖော်ပြပါတယ်။


အမေရိကန်ထောက်လှမ်းရေးအဖွဲ့နဲ့ သမ္မတဟောင်းရဲ့ လှုံဆော်ရေးအဖွဲ့တို့ကတော့ ထရန့်ဟာ ပန်ဆယ်ဘေးနီးယားပြည်နယ်၊ ဘတ်လာမြို့က ပစ်ခတ်မှုပြီးတဲ့အနောက် ဘေးကင်းလုံခြုံမှုရှိပါတယ်လို့ ပြောပါတယ်။

ပစ်ခတ်မှုကြောင့် လူထုစုရုံးပွဲကို တက်ရောက်သူပရိသတ်တစ်ဦး သေဆုံးခဲ့ပြီး တခြားနောက်တစ်ဦးမှာလည်း စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ဆိုပါတယ်။

ပစ်ခတ်သူရဲ့ အမည်နာမအသေးစိတ်နဲ့ ရည်ရွယ်ချက်ကတော့ ရှင်းရှင်းလင်းလင်းမသိရသေးပေမယ့် ရီပါဘလစ်ကန်တွေနဲ့ ဒီမိုကရက်တွေကတော့ ဒီအကြမ်းဖက်ပစ်ခတ်မှုကို အလျင်အမြန်ပဲ ရှုတ်ချခဲ့ကြပါတယ်။

အခုပစ်ခတ်မှုနဲ့ပတ်သက်လို့ သမ္မတ ဘိုင်ဒန်က “အမေရိကန်မြေမှာ ဒီလိုမျိုး အကြမ်းဖက်မှုနဲ့နေရာမရှိပါဘူး။ အဲဒါကို ပြစ်တင်ရှုတ်ချဖို့ နိုင်ငံတစ်ခုအနေနဲ့ ကျနော်တို့ ညီညွတ်ကြရပါမယ်” လို့ ပြောဆိုထားပါတယ်။

အခုလိုမျိုး ပစ်ခတ်မှုဟာ လာမယ့် နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပတော့မယ့် သမ္မတရွေးကောက်ပွဲမတိုင်မီ လေးလတောင်မလိုတော့တဲ့ အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သမ္မတအဖြစ်ရွေးကောက်ခံဖို့ ထရန့်ဟာ လက်ရှိ ဒီမိုကရက် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.