မော်လမြိုင် ၊ ဇူလိုင် ၁၄

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကောင်စီ လက်သပ်မွေးထားတဲ့ သြဇာခံပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ မြို့ခံတွေအပေါ် အကြောင်းအမျိုးမျိုးပြပြီး ငွေကြေးတောင်းခံတာနဲ့ အနိုင်ကျင့်ဗိုလ်ကျမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီ သြဇာခံပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ မြို့အတွင်း လုံခြုံရေး အကြောင်းပြပြီး လှည့်လည်တာ၊ လူစည်ကားရာ နေရာတွေမှာ ပိတ်ဆို့ရှာဖွေစစ်ဆေးတာ၊ ဧည့်စာရင်းစစ်ဆေးပြီး ငွေကြေးတောင်းခံတာတွေ ပြုလုပ်နေတာပါ။

ဒါ့အပြင် လမ်းသွားလမ်းလာတွေကို စစ်ဆေးတဲ့ နေရာမှာလည်း ကားနဲ့ဆိုင်ကယ်ဘောက်တွေ စစ် ဆေးတာ၊ ဖုန်းတွေကိုစစ်ဆေးပြီး VPN တွေ့ရှိပါက ငွေကြေးအဆမတန်တောင်းခံ အနိုင်ကျင့်တာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မော်လမြိုင်မြို့ခံတစ်ဦးကတော့ စစ်ကောင်စီ သြဇာခံပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ ညပိုင်းတွေမှာ အင်အားအများအပြားနဲ့ ပိတ်ဆို့စစ်ဆေးပြီးနောက် ငွေကြေးတောင်းခံနေသလို ယူနီဖောင်း အား ကိုးနဲ့ လူပါးဝနေကြတယ်လို့ ပြောပါတယ်။

“လမ်းတွေမှာလည်း အုပ်စုလိုက် အင်တိုက်အားတိုက်နဲ့ ဆိုင်ကယ်တွေရပ်ခိုင်း၊ ခရီးသည်မှန်သမျှကို လူစိမ်းမြင်ရင် ကြမ်းကြမ်းတမ်းတမ်းနဲ့ ဟိုအမိန့်သံနဲ့ပေါ့ စစ်ဆေးရေးအရခေါ်တဲ့ ပုံစံမျိုးခေါ်မယ်။ ခေါပြီးရင် အိတ်တွေလွယ်လာရင် အိတ်ချဖွင့်၊ အိတ်ထဲမှာရှာတယ်။ ဖုန်းတွေ တောင်းစစ်မယ်။ VPNတွေဘာတွေပါရင် ငါးသောင်းတို့ တစ်သိန်းတို့ အဲဒီလိုတောင်းတယ်။ မှတ်ပုံတင်စစ်မယ်။ မှတ် ပုံတင်မပါရင် ထောက်ခံစာမေးတယ်။ ထောက်ခံစာမပါရင် ပိုက်ဆံတောင်းတယ်။ သူတို့က မင်းမဲ့စရိုက်ဆန်ဆန် ယူနီဖောင်းအားကိုး လက်နက်အားကိုးနဲ့ လူပါးဝချင်တိုင်းဝနေတာ”လို့ ဆိုပါတယ်။

တဖက်မှာတော့ စစ်ကောင်စီ သြဇာခံပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းပြီး အိမ်ငှားနေထိုင်သူတွေ၊ ရွှေ့ပြောင်းလုပ်သားတွေနေထိုင်ရာ တန်းလျားတွေကိုလည်း နေ့စဉ်နီးပါး ဧည့်စာရင်းစစ်ဆေးကာ ငွေကြေးတောင်းခံတာတွေ ပြုလုပ်နေတာပါ။

ဒါ့အပြင် ပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ မြို့အတွင်းထွက်ခွာမယ့် ခရီးသည်တွေကို အကြောင်းအမျိုးမျိုးပြပြီး စစ်ဆေးတာတွေ ပြုလုပ်နေသလို ငွေကြေးတောင်းခံတာတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

ယာဉ်လိုင်းပိုင်ရှင်တစ်ဦးကလည်း ပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ ဒေသတွင်းက ထွက်ခွာမယ့် ခရီး သည်တွေကို အမျိုးမျိုးစစ်ဆေးပြီး ကားသမားတွေနဲ့ ငွေကြေးတောင်းခံခိုင်တာကြောင့် ခရီးသွားလာမှုတောင် သိပ်မရှိတော့ဘူးလို့ ပြောပါတယ်။

“ခရီးသည်တွေကို စစ်တယ်။ မေးမြန်းတယ်။ ပိုက်ဆံတွေ တောင်းတယ်။ ဘာကိုစစ်လို့ စစ်မှန်းတောင် မသိပါဘူး။ အခုတစ်မျိုးပြီးတစ်မျိုး စစ်နေကြတာပဲ။ အဓိက Target ကိုမသိရဘူး။ ခရီး သည်တွေကို မှတ်ပုံတင်မပါရင် ပိုက်ဆံကောက်တယ်။ ခရီးသည် ဘယ်နှစ်ယောက်ပါ ကားသမားတွေကို ကောက်ခိုင်းတယ်။ ဒီလိုမျိုး ဖြစ်ပျက်နေတာပဲ။ အခုကလက်ရှိ လောလောဆယ် အနေအ ထားကတော့ အခက်အခဲဖြစ် အနှောက်အယှက်ဖြစ်ပီးတော့ ခရီးသည်တွေက တစ်ခါတလေကျရင် မသွားတော့ဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူစစ်အဖွဲ့ဝင်တွေဟာ ကားဂိတ်တွေမှာ ခရီးသည်တွေကို ရှောင်တခင် လာရောက်စစ်ဆေးပြီး ငွေကြေးတောင်းခံတာရှိသလို လမ်းခရီးဂိတ်တွေမှာလည်း အကြောင်းအမျိုးမျိုးပြ စစ် ဆေးအနိုင်ကျင့်ပြီး ငွေကြေးတောင်းခံနေတယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမြို့အတွင်းမှာတော့ စစ်ကောင်စီ သြဇာခံပြည်သူ့စစ်တွေဟာ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး လှည့် ကင်းလှည့်လည်တာ၊ ရပ်တန့်စစ်ဆေးတာနဲ့ ဧည့်စာရင်းစစ်ဆေးတာတွေကအစ အခုနောက်ပိုင်း ပိုမိုလုပ်ဆောင်လာတယ်လို့ မြို့ခံတွေက ပြောပြပါတယ်။

အခုလို စစ်ဆေးတဲ့ နေရာမှာလည်း ပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ အရက်သေစာ သောက်စားထားပြီး ပြည်သူတွေကို ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုတာ၊ အမျိုးသမီးငယ်တွေကို လိင်ပိုင်းဆိုင်ရာ ထိကပါး ရိကပါး ပြောဆိုတာတွေကို ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

မော်လမြိုင်မြို့မှာ စစ်ကောင်စီက ဖွဲ့စည်းပေးထားတဲ့ ပြည်သူ့စစ်တွေထဲမှာတော့ ဘာသာရေး အ စွန်းရောက် မဘသအဖွဲ့ဝင်တွေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တွေအပြင် စစ်တပ်ထောက်ခံသူတွေ အများစုပါဝင်တယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.