ဆိုးလ်၊ ဇူလိုင် ၁၃
တောင်ကိုရီးယား ဇာတ်လမ်းတွဲ ကြည့်တဲ့ အလယ်တန်းကျောင်းသားအရွယ် ဆယ်ကျော်သက် ၃၀ ဦးကို မြောက်ကိုရီးယားက ကွပ်မျက်လိုက်ကြောင်း တောင်ကိုရီးယား သတင်းဌာနတွေက ဖော်ပြပါတယ်။
Chosun TV နဲ့ Korea JoongAng Daily တို့ရဲ့ သတင်းမှာ မြောက်ကိုရီးယားက အဲဒီဆယ်ကျော်သက်လူငယ် ၃၀ ကို အများပြည်သူရှေ့မှာ သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။
တောင်ကိုရီးယား ဇာတ်လမ်းတွဲတွေကို မြောက်ကိုရီးယား ပြည်ပြေးတွေက မန်မိုရီ စတစ်တွေနဲ့ ကူးပြီး နယ်စပ်ဖြတ်ကျော် ပေးပို့ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီ သတင်းတွေနဲ့ ပတ်သက်လို့ တောင်ကိုရီးယားအရာရှိတွေက မှတ်ချက် မပေးပေမယ့် Korea JoongAng Daily သတင်းမှာတော့ တောင်မြောက်နှစ်နိုင်ငံ ပေါင်းစည်းရေးရုံးက အရာရှိ တစ်ယောက်ကို ကိုးကား ဖော်ပြထားပါတယ်။
အမည်ဖော်ပြမထားတဲ့ အဲဒီ အရာရှိက မြောက်ကိုရီးယားဟာ ယုတ်မာရက်စက်တဲ့ ဥပဒေနဲ့ အများပြည်သူကို တင်းတင်းကြပ်ကြပ် ထိန်းချုပ် အပြစ်ပေးလေ့ရှိတာကို အများသိထားပြီ ဖြစ်တယ်လို့ ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ ယဉ်ကျေးမှုဆိုင်ရာ ဥပဒေအရ တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်တို့က ရုပ်သံအစီအစဉ်တွေ၊ ဇာတ်လမ်းတွဲတွေ ကြည့်ရှုမှုကို တင်းတင်းကြပ်ကြပ် တားမြစ်ထားပါတယ်။
ဒီဥပဒေက မြောက်ကိုရီးယားမှာ နွေရာသီအစီအစဉ် တက်ရောက်ဖို့ ရောက်လာမယ့် ရုရှားကျောင်းသားတွေလို နိုင်ငံခြားသားတွေအတွက်ရော အကျုံးဝင်သလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
၂၀၂၂ ခုနှစ်က ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံချက် တစ်ခုမှာတော့ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားက ထုတ်လုပ်တဲ့ ဒီဂျစ်တယ် ဇာတ်ကားတွေကို ရောင်းချနေသူ တစ်ဦးအား သေနတ်နဲ့ ပစ်သတ်ပြီး ကွပ်မျက်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
အခုနှစ် စောစောပိုင်းကလည်း ကေပေါ့ပ်ဗီဒီယို ကြည့်တဲ့ဆယ်ကျော်သက်အရွယ် ကလေးနှစ်ဦးကို မြောက်ကိုရီးယားက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ပါတယ်။
Ref:BussinessInsider