ဘန်ကောက်၊ ဇူလိုင် ၁၁

ထိုင်းမူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ရုံးက ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ် ပြန်လည်အတည်ပြုပြီးနောက် ဆေးခြောက် အသုံးပြုခွင့်လိုလားတဲ့ တက်ကြွလှုပ်ရှားသူတွေက အစိုးရအနေနဲ့ သူတို့ရဲ့ အမြင်ကို နားထောင်ပေးဖို့ ဇူလိုင် ၁၀ ရက်ကစလို့ အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။

ဆေးခြောက်ကို တရားမဝင် မူးယစ်ဆေးဝါးအဖြစ် ပြန်သတ်မှတ်ရေး အခုလကုန်ပိုင်းမှာ ပြန်စဉ်စားဖို့ ဖြစ်နိုင်ခြေရှိကြောင်း အဲဒီဘုတ်အဖွဲ့ရုံးက ဇူလိုင် ၁၀ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဘုတ်အဖွဲ့ရုံးရဲ့ အဆိုပြုချက်ကို အတည်ပြုခဲ့မယ်ဆိုရင် ကျန်းမာရေး ဝန်ကြီးဌာနက အတည်ပြုကြောင်း ဘုရင့်နန်းတော် သတင်းဌာနက တဆင့်ဖော်ပြမှာဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်ကစလို့ အသက်ဝင်လာမှာ ဖြစ်ပါတယ်။

အဆိုပြုထားတဲ့ ဥပဒေအရ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပေးထားတဲ့ လိုင်စင်မရှိရင် ဆေးခြောက် အဖူးအပွင့်တွေနဲ့အဆီ တင်သွင်း ရောင်းချခွင့် လက်ဝယ်ထားရှိခွင့် ရှိမှာ မဟုတ်ပါဘူး။

ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ် ပြန်လည် သတ်မှတ်ပြီးတာနဲ့ ဆေးဖက်ဆိုင်ရာအတွက်ပဲ သုံးစွဲရမှာဖြစ်ပြီး ဆေးဖက်ဆိုင်ရာ သုံးစွဲခွင့်အတွက်လည်း အတည်ပြုချက် ယူရဦးမှာဖြစ်ပါတယ်။

အပန်းဖြေဖို့ သုံးစွဲသူတွေကို ဖမ်းဆီးသွားမှာ ဖြစ်ကြောင်း ဘုတ်အဖွဲ့ရုံးက ပြောဆိုထားပါတယ်။

ထိုင်းမှာ ဆေးခြောက်ကို တရားဝင် သုံးစွဲခွင့်ပြုခဲ့တာ အချိန်နှစ်နှစ်တောင် မရှိသေးတဲ့အချိန်မှာဘဲ ဆေးခြောက်နဲ့ဆက်စပ်တဲ့ လုပ်ငန်းတွေမှာ ငွေကြေး ဘီလီယံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံထားသူတွေ ရှိနေတယ်လို့ Bhumjathai ပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

တက်ကြွ လှုပ်ရှားသူများအဖွဲ့ Writing Thai Cannabis’ Future က ဆေးခြောက် အသုံးပြုမှုရဲ့ အကျိုးကျေးဇူးတွေကို စစ်ဆေးကြားနာဖို့ အစိုးရက သဘောတူမယ့် အချိန်အထိ အစာငတ်ခံ ဆန္ဒပြသွားမယ်လို့ ဇူလိုင် ၁၀ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဆေးခြောက်ကို တရားမဝင် မူးယစ်ဆေးဝါးအဖြစ် ပြန်လည် သတ်မှတ်မယ့် အစီအစဉ်ကို အဲဒီတက်ကြွလှုပ်ရှားသူများအဖွဲ့က ဇူလိုင် ၈ ရက်ကစပြီး အစိုးရအိမ်တော်မှာ ကန့်ကွက် ဆန္ဒပြနေတာလည်း ဖြစ်ပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.