ကျောက်ကြီး၊ ဇူလိုင် ၁၁

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ရှိ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေထဲ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ အမှတ် ၃၀၇ ခြေမြန်တပ်ရင်းကနေ လေးအိမ်စုကျေးရွာအတွင်း ဒရုန်းနဲ့ဗုံးကြဲခဲ့တဲ့အတွက် ဒေသခံတွေဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ် ကိုကျော်ရဲ၊ အသက် ၄၄ နှစ်အရွယ် မမိုးဝါတို့ ထိမှန်သေဆုံးခဲ့ပါတယ်။

ဇူလိုင် ၆ ရက်နေ့ကလည်း ခမရ – ၃၀၇ တပ်ရင်းမှ ၁၂၀မမ လက်နက်ကြီး တစ်လုံးပစ်ခတ်မှုကြောင့် ပေါက်ပင်ကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ပေါက်ပင်ကုန်းကျေးရွာနေ အသက် ၃၉ နှစ်အရွယ် စောတာဝါးဟူး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

စစ်ကောင်စီရဲ့ ဒရုန်းနဲ့လက်နက်ကြီး ပစ်ခတ်မှုအတွင်း ဒေသခံနေအိမ် နှစ်လုံးထက်မနည်း ပျက်စီးခဲ့သလို အရပ်သားပြည်သူတွေလည်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရမယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

KNU ညောင်လေးပင်ခရိုင်အုပ်ချုပ်နယ်မြေမှာ ပါဝင်တဲ့ ကျောက်ကြီးမြို့နယ် ဒေသခံတွေဟာ အာ ဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရတာ၊ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

KNU ရဲ့ ထုတ်ပြန်ချက်အရ တပ်မဟာ ခုနှစ်ခုရှိတဲ့ ကော်သူလေးအုပ်ချုပ်နယ်မြေမှာ ညောင်လေး ပင်ခရိုင်ဟာ စစ်ကောင်စီတပ်ရဲ့ ဆိုးဝါးလှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ဒေသခံပြည် သူလူထု ငါးသိန်းကျော်နဲ့ အများဆုံးနေရပ်စွန့်ခွာ ထွက်ပြေးနေရတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.