မော်လမြိုင် ၊ ဇူလိုင် ၇

အာဏာသိမ်း(၃)နှစ်ကျော် ကာလအတွင်း ကုန်ဈေးနှုန်းတွေအဆမတန် ကြီးမြင့်လာနေတဲ့အပေါ် ကုန်ဈေးနှုန်း ကျဆင်းစေဖို့ သက်ဆိုင်ရာကဏ္ဍအသီးသီးက လုပ်ငန်းရှင်တွေကို ဖမ်းဆီးနေတာဟာ ရေတိုဖြေရှင်းမှုတစ်ခုသာဖြစ်ပြီး အကျိုးသက်ရောက် မှုမရှိနိုင်ဘူးလို့ စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂ရက် နေ့ကလည်း ရွှေဈေးနှုန်း မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်တယ်လို့ဆိုကာ ရွှေလုပ် ငန်းရှင်နဲ့ ရွှေကုန်သည်အပါအဝင် ၂၁ ဦးကို ဖမ်းဆီးခဲ့သလို ၁၀ဦးကိုလည်း ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံခြားငွေလဲ လှယ်တဲ့ လုပ်ငန်းလုပ်ကိုင်သူ ၁၄ဦးကို ဖမ်းဆီးခဲ့သလို ၁၁ဦးကိုလည်း ပြီးခဲ့တဲ့ ဇွန်လ (၃)ရက် နေ့က ဖမ်းဝရမ်း ထုတ်ခဲ့ပါသေးတယ်။

စီးပွားရေး ပညာရှင်တစ်ဦးကတော့ စစ်ကောင်စီက အခုလိုကုန်ဈေးနှုန်းကြီးမြင့်အောင်လုပ်တယ်ဆိုတဲ့ အ ကြောင်းပြချက်နဲ့ လုပ်ငန်းရှင်တွေကို လိုက်လံဖမ်းဆီးနေတာဟာ လွဲမှားနေသလို လတ်တလော ကုန်ဈေးနှုန်း ကျနိုင်ပေမယ့် နောက်ပိုင်း ဈေးကွက်ပျက်ပြီး ဒီထက်ဈေးတက်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“အမှန်က ဒေါ်လာတွေ၊ ဆန်တွေ၊ ဆီတွေအရေးယူကတည်းက မဟုတ်တော့ဘူးလို့ တွက်တယ်။ ဘာလို့ဆို သူက အဓိက Supplierတွေကို သတ်နေတာ။ တချို့အမြတ်တင် ရောင်းတာတွေကို အ ရေးယူရမှာတော့ မှန်တယ်၊ ဒါပေမယ့် သူတို့အရေးယူတဲ့ ပုံစံကတော့ နည်းနည်းလွဲနေတယ်။ သူက Supplier ကို သတ်လိုက်တဲ့ အတွက် လောလောဆယ်တော့ ဈေးကျကောင်းကျမယ်၊ ဒါပေမယ့် နောက်ပိုင်းမှာ Supplier က Support မလုပ်တော့ဘူးဆိုရင် ဒီဈေးကွက်ကြီး တစ်ခုလုံးပျက်သွားမယ်။ အဲဒီအခါကျရင် တက်လာတဲ့ဈေးက အခုတက်နေတဲ့ဈေးထက် အများကြီးကျော်သွားနိုင်တယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိလုပ်ငန်းရှင်တွေကို ဖမ်းဆီးနေတာကြောင့် ကြောက်လန့်ပြီး လတ်တလော ဈေး နှုန်းကျဆင်းလာတာဟာ ဈေးနှုန်းအမှန်မဟုတ်တဲ့အတွက် မြေပြင်မှာတော့ မှောင်ခိုဈေးကွက် ပိုမိုကြီးထွားလာစေတယ်လို့ သူက ဆက်လက်ပြောကြားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၄)ရက်နေ့ကလည်း စစ်ကောင်စီက နိုင်ငံခြားငွေကြေး ကစားနေသူတွေနဲ့ ဟွန်ဒီလုပ် ငန်းဆောင်ရွက်နေသူ လူပုဂ္ဂိုလ် (၃၉)ဦးရဲ့ ဘဏ်စာရင်းနဲ့ Pay Accout တွေကို ယာယီဆိုင်းငံ့ခဲ့သလို အရေးယူဖို့အတွက်လည်း ဆက်လက်စုံစမ်း ဖော်ထုတ်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ပြည်တွင်းဆန်ဈေးနှုန်း အဆမတန်မြှင့်တင် ရောင်းဝယ်နေတယ်ဆိုပြီး ဆန်စပါး လုပ်ငန်းရှင်နဲ့ ဈေးဝယ်စင်တာ တာဝန်ရှိသူ ၁၁ ဦးကို (၂၀၁၂)ခုနှစ် အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပ ဒေ ပုဒ်မ-၅နဲ့ အရေးယူခဲ့ သလို ဆန်စပါးလုပ်ငန်းရှင် (၂၄)ဦးနဲ့ ဈေးဝယ်စင်တာ အပါအဝင် စတိုးဆိုင် (၃၀)ကိုလည်း ဒဏ်ကြေးနဲ့ အခွန်ထပ်မံ စည်းကြပ်သွားမယ်လို့ ပြီးခဲ့တဲ့ ဇွန်လ (၃၀) ရက်နေ့က ထုတ်ပြန်ထားတာပါ။

စစ်ကောင်စီကတော့ ကုန်ဈေးနှုန်း မြင့်တက်လာတဲ့အပေါ် လုပ်ငန်းရှင်၊ ကုန်သည်၊ လူပုဂ္ဂိုလ်တွေအပြင် စတိုးဆိုင်တွေကအစ လိုက်လံဖမ်းဆီးအရေးယူနေသလို ပြီးခဲ့တဲ့ ဇူလိုင်(၁)ရက်နေ့ကလည်း သတ်မှတ်ချက်ထက် ကျော်လွန်ပြီး အိမ်ရာချေငွေ ထုတ်ချေးတယ်လို့ဆိုကာ နာမည်ကြီး ဘဏ်(၇)ခုကို အရေးယူခဲ့ပါသေးတယ်။

နောက်ထပ်စီးပွားရေး ပညာရှင်တစ်ဦးကတော့ လက်ရှိကုန်ဈေးနှုန်းတွေဟာ စစ်ကောင်စီက ထိန်းလိုက်တဲ့အချိန်မှာ ကျသွားပေမယ့် ကာလရှည်မှာ ပစ္စည်းပြတ်ပြီး ဈေးတက်လာမှာဖြစ်သလို စစ်ကောင်စီရဲ့ မူဝါဒအမှားတွေဟာ စီးပွားရေးကို ပျက်စီးပြီးရင်ပျက်စီးစေတဲ့ အခြေအနေဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“ဒီကာလတိုအတွက်ကတော့ သူထိန်းလိုက်တဲ့ အချိန်မှာကျသွားမယ်၊ ကာလရှည်ကို မကြည့်ဘူး။ ဒီSupplie ကို ဖြတ်လိုက်တာဟာ ရေရှည်မှာ ဒီကုန်ပစ္စည်းထုတ်လုပ်မှုကို သူတို့တန့်သွားအောင် လုပ်လိုက်တာပဲ။ နောက်သူတို့ သတ်မှတ်တယ်ဆိုတဲ့ ဈေးနှုန်းကရော သူတို့ဘယ်လို သတ်မှတ်လဲပေါ့။ သတ်မှတ်ချင်သလို သတ်မှတ်နေတာလား။ အဲဒီလို Supplieကိုသွားပြီး ချုပ်တာကတော့ တကယ့်ကိုယ့်ကို ထောက်ပံ့ပေးနေတဲ့ သူ့ကိုလည်ပင်းသွားညှစ်လိုက်သလိုပဲ။ ဆိုတော့ အနာဂတ်မှာ တက်တဲ့ဈေးက ပစ္စည်းပြတ်လို့ ဖြစ်တဲ့ဈေးတက်တာမျိုး ဖြစ်လာလိမ့်မယ်။ အဲဒီပေါ်လစီကိုတော့ ပြန်သုံးသပ်သင့်ပြီး။ နိုင်ငံရေးမတည်ငြိမ်တဲ့ကြားထဲမှာ စီးပွားရေး ပေါ်လစီအမှားတွေဘဲ ထပ်ဝင်လာတော့ စီးပွားရေးက ပျက်စီးပြီးရင်း ပျက်စီးဖြစ်နေတဲ့ အခြေအနေဖြစ်နေတာပေါ့”လို့ ဆိုပါတယ်။

စီးပွားရေးကို သေချာလေ့လာခြင်းမရှိဘဲ အကြောက်တရားနဲ့သာ ထိန်းချုပ်နေတာကြောင့် ရေရှည်မှာ စီးပွားရေးအခြေအနေတွေ ပိုဆိုးလာမှာဖြစ်သလို ကုန်ဈေးနှုန်းတွေကလည်း ကမောက်ကမ ဖြစ်လာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ကုန်ဈေးနှုန်းကျဆင်းပြီး တည်ငြိမ်ဖို့အတွက် မြန်မာငွေကြေးတန်ဖိုး ပြန်လည်မြင့်တက်လာအောင်လုပ်ဆောင်ဖို့ လိုအပ်ပြီး မြန်မာ့ငွေကြေးတန်ဖိုး မြင့်တက်မှသာ ကုန်ဈေးနှုန်းကျဆင်းလာမှာ ဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ကုန်ထုတ်လုပ်မှုအပေါ် အဟန့်အတားဖြစ်စေတဲ့ ပဋိပက္ခ၊ မတည်ငြိမ်မှုနဲ့ နေရပ်ရွှေ့ပြောင်းရမှုတို့ကြောင့် စိန်ခေါ်မှုတွေနဲ့ ဆက်လက်ရင်ဆိုင်နေရပြီး စီးပွားရေးဆက်လက် နှေးကွေးနေမယ်လို့ ပြီးခဲ့တဲ့ ဇွန်လ (၁၂)ရက်နေ့က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.